၂၉.၅.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)တည်ရှိသည့် ရန်ကင်းမြို့နယ်ရှိ စက်မှု(၁) ကားလမ်းကို ငါးနှစ်ခန့်ကြာ ပိတ်ထားပြီးနောက် ယမန်နေ့ မေ ၂၈ ရက်၊ နံနက်ပိုင်းက ပြန်ဖွင့်ခဲ့ပြီးနောက် ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စက်မှု(၁) ကားလမ်းကို ညွှန်ကြားချက်အရ မေ ၂၈ ရက်ကစတင်ပြီး အချိန်ပြည့် ဖွင့်လှစ်ထားပြီး ဖွင့်ချိန်၊ ပိတ်ချိန်ဟူ၍ သတ်မှတ်သည့် ညွှန်ကြားချက် တစ်စုံတစ်ရာ လက်တလောမရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးထံမှ သိရသည်။
“မနေ့က မေ ၂၈ ရက်၊ မနက်ပိုင်းထဲက ဖွင့်ထားတာဖြစ်ပါတယ်။ လမ်းဖွင့်ချိန်၊ ပိတ်ချိန်ဆိုပြီး ညွှန်ကြားထားတာ လက်တလော မရှိဘူး။ အခုကတော့ ကားရော၊ လူရော ဖြတ်သန်းသွားလာနေကြပါတယ်” ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စက်မှု(၁)ကားလမ်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)အပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးလည်း တည်ရှိသည်။ ယခင်က စက်မှု (၁) ကားလမ်းကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနီးထိသာ ကားများသွားလာနိုင်ကြောင်း သိရသည်။
စက်မှု (၁) လမ်းအား ၂၀၂၁ ခုနှစ်ခန့်က စတင်ပိတ်ထားခဲ့ကြောင်း သိရပြီး ထိုကဲ့သို့ လမ်းပြန်ဖွင့်လိုက်သည့်အတွက် ရန်ကင်းမီးပွိုင့်မှ မြန်မာပလာဇာအထိ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
လက်တလောတွင် ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များဖြတ်သန်းသွားလာနေပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး YBS ယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။




