၂၇.၅.၂၀၂၆
Written by Linn Eain
ဇွန်လ ၃ ရက်တွင် စတင်ကျင်းပတော့မည့် AYA Tri-Nation Cup 2026 ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အဓိကတိုက်စစ်မှူးဖြစ်သူ ဝင်းသိင်္ဂီထွန်းမှာ ကျန်းမာရေးအခြေအနေကြောင့် ပါဝင်ကစားနိုင်ဦးမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမလူစာရင်းတွင် ရွေးချယ်ခံထားရသော်လည်း လတ်တလော ကြုံတွေ့နေရသည့် ကျန်းမာရေးအခြေအနေကြောင့် အသင်းနှင့်အတူ ပူးပေါင်းနိုင်ခြင်းမရှိဘဲ အနားယူနေရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဆရာဝန်၏ ပြောကြားချက်အရ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ဒဏ်ရာကြောင့်မဟုတ်ဘဲ ကျန်းမာရေးကိစ္စကြောင့် အသေးစားခွဲစိတ်မှုတစ်ခု ခံယူထားရခြင်းဖြစ်ပြီး ခွဲစိတ်မှုအပြီး ပြန်လည်သက်သာလာစေရန်အတွက် တစ်လခွဲခန့် သီးသန့်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် AYA Tri-Nation Cup ပြိုင်ပွဲအဖြစ် ဇွန်လ ၃ ရက်နေ့တွင် ဥဇဘက်ကစ္စတန်အသင်း၊ ဇွန်လ ၉ ရက်နေ့တွင် ထိုင်းအသင်းတို့နှင့် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ညနေ ၅ နာရီတွင် အသီးသီး ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ၏ လက်မှတ်စျေးနှုန်းများမှာ ရိုးရိုးတန်း – ၂၀၀၀ ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို မေ ၃၁၊ ဇွန် ၁၊ ဇွန် ၂ ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင် ရောင်းချမည်ဖြစ်ကြောင်း၊ Online Tickets များလည်း AYA Pay တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

