◾ NUG ၏ မင်းကွန်း PDF များကို ထိန်းကျောင်းနေသည့် KIA ၏ ဒူချွန်၊ ဒူဝါများက မပစ်ခတ်ပါဟု လိမ်လည်ခေါ်ယူပြီးမှ ဥက္ကဋ္ဌအပြင် ပြည်သူများကိုပါ ပစ်ခတ်ခဲ့ကြ
နေမိုး
၂၇.၅. ၂၀၂၆
မင်းကွန်းဒေသကို အာဏာသိမ်းလိုသည့် NUG ဩဇာခံ မင်းကွန်းပအဖအဖွဲ့က ပေးအပ်ထားသည့်ကတိကို ဖောက်ဖျက်ပြီး ကျောင်းသားလက်ရုံးတပ်တော်အဖွဲ့ ဥက္ကဋ္ဌ စံတင်ထွန်းကို ပစ်ခတ်ဖမ်းဆီးသွားကြသည်ဟု ကျောင်းသားတော်လှန်ရေးတပ်တော် (Student’s Revolutionary Force) က အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့က SRF တပ်ဖွဲ့သည် လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်းကိုသာ လုပ်ဆောင်နေသည်မဟုတ်ဘဲ NUG ယန္တရားများ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးများပါ ဝင်ရောက်စွက်ဖက်နေသည့်အပြင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ စင်ပြိုင်ထောင်ခြင်း၊ NUG လက်အောက်ခံ ပအဖ၊ ပကဖများကို လက်နက်ကိုင်အင်အားသုံးပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း၊ NUG အစိုးရပုံရိပ်ကျအောင် ဒေသခံပြည်သူလူထုကို မကြာခဏဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်ခြင်း၊ ဥပဒေမဲ့ စစ်သား စုဆောင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း စသည့် အမှု ၈ ခုနှင့် တရားစွဲဆိုထားကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် SRF က ငြင်းဆိုခဲ့သော်လည်း မင်းကင်း PDF များက SRF တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခဲ့သည်။
ထို့အတွက် မေလ (၂၆)ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကျောင်းသားတော်လှန်ရေးတပ်တော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ စံတင်ထွန်းနှင့် မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ်ကြားကာလ အစိုးရ၏ ကာကွယ်ရေးဝန်ကြီးတို့ Zoom မှတစ်ဆင့် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးမှုအပြီးတွင် စံတင်ထွန်းအား NUG တိုင်းတာဝန်ခံနှင့် ယင်းတို့ကို ထိန်းကွပ်သော KIA ၏ ဒူဂျွန်၊ ဒူဝါတို့မှ လုံခြုံရေးအာမခံ၍ အညာလည်ရွာသို့ တွေ့ဆုံရန်ချိန်းဆိုသဖြင့် စံတင်ထွန်းနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြည်သူများနှင့်အတူ ညနေ ၅ နာရီခန့်တွင် တွေ့ဆုံရန်သွားရောက်ရာ မင်းကင်းမြို့နယ် ပအဖနှင့် ပကဖ၊ တပ်ရင်းတပ်ဖွဲ့များမှ လမ်းမှဖြတ်၍ ပြည်သူများကိုပါ တိုက်ခိုက်ပစ်ခတ်မှုပြုလုပ်ကာ ဥက္ကဋ္ဌ စံတင်ထွန်းအား ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
စံတင်ထွန်းအား ဖမ်းဆီးရာတွင် ပြည်သူများမှ ဝိုင်းဝန်းကာကွယ်ကြ၍ ပြည်သူများအား မင်းကွန်း PDF များက ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့သည်။ စံတင်ထွန်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယခုထိမသိရှိရသေးဘဲ အသက်အန္တရာယ်လုံခြုံမှုအတွက် စိုးရိမ်နေရသည်ဟုလည်း SRF က ပြောပြီး KIA နှင့် NUG တို့ ကျူးလွန်မှုအပေါ် ရှုတ်ချကြောင်း၊ စံတင်ထွန်းအား ချက်ချင်းလွှတ်ပေးရန်နှင့် နောက်ဆက်တွဲ ကိစ္စများကို တာဝန်ယူဖြေရှင်းရန်အပြင် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကိုသာ လက်ခံပြီး အင်အားသုံးဖြေရှင်းမှုများအား ဆန့်ကျင်ကြောင်း SRF က ထုတ်ပြန်သည်။
NUG နှင့် KIA အနေဖြင့် ယင်းတို့ အင်အားကောင်းစွာ စိုးမိုးထားသည့် ဒေသများတွင် LPDF များနှင့် စင်ပြိုင်လက်နက်ကိုင်တပ်များကို အမြစ်ပြုတ်ချေမှုန်းနေပြီး ယခင်ကလည်း BNRA၊ GZ Army နှင့် ဗိုလ်တိုက်ဂါးကဲ့သို့သော အဖွဲ့များကို ဖမ်းဆီးသတ်ဖြတ်ကာ အဖွဲ့ဖျက်သိမ်းမှုများစွာ ကျူးလွန်ထားသည်။







