


သက်တံ့
၁၆. ၅. ၂၀၂၆
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ရထားနှင့် ဘတ်စ်ကား တိုက်မိရာမှ မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးမှု ယခုဖြစ်ပွားနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြသည်။
ယနေ့ မေလ ၁၆ ရက် (စနေနေ့) ညနေပိုင်းက ရာမာ ၉ (Rama IX) လမ်းဆုံနှင့် အသော့ဖက် (Asok Phet) လမ်းဆုံအကြား အသော့-ဒင်ဒန်း (Asok-Din Daeng) လမ်းပေါ်ရှိ မက္ကဆန် (Makkasan) ရထားသံလမ်းကူးအနီးတွင် ရထားတစ်စီးနှင့် ဘတ်စ်ကားတစ်စီး ပြင်းထန်စွာ တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်။
သို့သော်လည်း အာဏာပိုင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းအရေအတွက်နှင့် တိုက်မိရသည့် အကြောင်းရင်းအတိအကျကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Rama 199 ရေဒီယိုစင်တာ) ထံသို့ ယနေ့ ညနေ ၃ နာရီ ၄၂ မိနစ်တွင် ရထားနှင့်ကား တိုက်မိ၍ မီးလောင်နေကြောင်း သတင်းဝင်ရောက်ခဲ့ပြီး ၃ နာရီ ၅၁ မိနစ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ မီးငြှိမ်းသတ်မှုနှင့် လူနာကယ်ဆယ်ရေးများကို အပြင်းအထန် လုပ်ဆောင်နေကြရသည်။
အဆိုပါ ရထားတိုက်မှုပြင်းထန်မှုကြောင့် ဘတ်စ်ကားသာမက အနီးအနားရှိ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများကိုပါ ရိုက်ခတ်ကာ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ပေါက်ကွဲသံများနှင့်အတူ မီးအကြီးအကျယ်လောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။
Ref & Photo – Khaosod English, FM91 Trafficpro & Pew
