




၁၆.၅.၂၀၂၆
Written by Linn Eain
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်ခဲ့သည်။
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မေ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကာယဗလအားကစားသမား ၁၀၀ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။





ထို့နောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် – South East Asian Bodybuilding and Physique Sports Federation (SEABPF) ဥက္ကဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် – World Bodybuilding and Physique Sports Federation (WBPF) 2 Datuk Paul Chua တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (WBPF) ဥက္ကဋ္ဌ Datuk Paul Chua မှ WBPF ၏ ဂုဏ်ထူးဆောင်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စင်မြင့်တွင် နေရာယူထားသည့် ပြိုင်ပွဲဝင်အာဆီယံမှ နိုင်ငံကိုယ်စားပြုအသင်းများ စင်မြင့်ထက်မှ ပြန်လည်ပြီးနောက် မြန်မာ့ရိုးရာအကများနှင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာ့ကာယဗလအားကစားကို တိုးတက်မြင့်မားစေရေးအတွက် (က) ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (WBPF)၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (ABBF) နှင့် အရှေ့တောင်အာရှ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (SEABPF) တို့၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ (ခ) နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပခြင်းဖြင့် အာဆီယံဒေသတွင်းနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးရန်၊ (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ငြိမ်အေးချမ်းသော ပကတိအခြေအနေကို ပြိုင်ပွဲဝင်နိုင်ငံအသီးသီးက အမှန်အတိုင်း သိမြင်နားလည်စေရန်၊ (ဃ) နိုင်ငံတော် စဉ်ဆက်မပြတ် တိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင်ပေးရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲကို ၁၉၉၅ ခုနှစ် စက်တင်ဘာတွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၁၉၉၆၊ ၂၀၁၂၊ ၂၀၁၉ ခုနှစ်တို့တွင် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။
