MT News
၁၆. ၅. ၂၀၂၆
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသလို၊ ၎င်းတို့ထဲမှ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးအထိရှိပြီဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) တွင် ပြောကြားသည်။
ထို့အပြင် ဗိုလ်ချုပ်ကြီးထွန်းအောင်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အင်အားအချက်အလက်အမှန်ရရှိရေး မိမိနယ်မြေ အတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့်ပေါင်းစပ်၍ စာရင်းပြုစုမှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့သလို ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီမံထား ရှိရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ယခုအခါ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာ သင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိက အလုပ်အကိုင်များနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းများအဖြစ် မတ်လ ၂၃ ရက်က တိုင်းစစ်ဌာနအသီးသီးတွင် ဖွင့်လှစ်ခဲ့သော သင်တန်းအမှတ်စဉ် ၂၃ နှင့် ဧပြီ ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့သော သင်တန်းအမှတ်စဉ် ၂၄ တို့ နှစ်ခု ဖွင့်လှစ်ထားကာ စစ်မှုထမ်းအဖြစ် ရွေးချယ်ခံရသူများ တက်ရောက် လေ့ကျင့်လျက်ရှိကြောင်းလည်း သိရသည်။
