◾️ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဒေသများတွင် လည်ပတ်နေသည့် “ကျားဖြန့်ကျွန်ပြုဝင်းများ” က အိန္ဒိယနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများကျူးလွန်ရာ အဓိကဗဟိုချက်များဖြစ်နေကြောင်းပါ စုံစမ်းဖော်ထုတ်
သက်တံ့
၁၆. ၅. ၂၀၂၆
အိန္ဒိယလူငယ်များကို နိုင်ငံခြားတွင် အလုပ်အကိုင်ကောင်းများရမည်ဟု အယုံသွင်းကာ တရားမဝင်အလုပ်များ လုပ်ကိုင်ရန် အဓမ္မခိုင်းစေခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်နွှယ်သော လူကုန်ကူးမှုနှင့် ဆိုက်ဘာကျွန်ပြုမှု (Cyber Slavery) အမှုတွင် ခေါင်းဆောင်သူအပါအဝင် လူ ၅ ဦးကို ပြစ်မှုမြောက်ကြောင်း တရားစွဲဆိုလွှာ တင်သွင်းလိုက်ပြီဖြစ်ကြောင်း အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က စနေနေ့ (မေလ ၁၆ ရက်) တွင် ပြောကြားခဲ့သည်။
တရားစွဲဆိုလွှာတွင် ဖော်ပြထားသည့် အဓိကသံသယရှိသူမှာ အာနန်ကူးမားဆင်း (Anand Kumar Singh) ခေါ် မွန်နာ (Munna) ဖြစ်ပြီး၊ ကျန်တရားစွဲခံရသူများမှာ အဘေးနတ်ဒူဘေး (Abhay Nath Dubey)၊ အဘီရန်ဂျန်ကူးမား (Abhiranjan Kumar)၊ ရိုဟစ်ယာဒေ့ဗ် (Rohit Yadav) နှင့် ပရာလတ်ကူးမားဆင်း (Prahlad Kumar Singh) တို့ ဖြစ်ကြသည်။
“တရားခံများသည် စနစ်တကျဖွဲ့စည်းထားသည့် လူကုန်ကူးမှုဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အိန္ဒိယလူငယ်များကို ကမ္ဘောဒီးယားတွင် တရားဝင်အလုပ်အကိုင်များနှင့် လစာ ကောင်းကောင်းရမည်ဟုဆိုကာ ဆွဲဆောင်စည်းရုံးခဲ့ကြသည်။ သားကောင်ဖြစ်ခဲ့ရသူများ၏ ပတ်စပို့ (နိုင်ငံကူးလက်မှတ်) များကို သိမ်းဆည်းခဲ့ပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှု (Scam) ကုမ္ပဏီများတွင် အဓမ္မအလုပ်ခိုင်းစေခဲ့သည်။ တစ်စုံတစ်ရာ ပြန်လည်ရုန်းကန်ငြင်းဆန်ပါက လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ အဓမ္မချုပ်နှောင်ခြင်း၊ အစားအစာနှင့် ရေဖြတ်တောက် အငတ်ထားခြင်း အစရှိသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်” ဟု အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NIA ၏ စုံစမ်းစစ်ဆေးမှုများအရ အာနန် (Anand) သည် အိန္ဒိယရှိ အေးဂျင့်ခွဲများ သို့မဟုတ် ခရီးသွားအေးဂျင့် အမျိုးမျိုးမှတစ်ဆင့် လူငယ်များကို စုဆောင်းရာတွင် ပါဝင်ခဲ့သည့် ဂိုဏ်းခေါင်းဆောင် (Kingpin) ဖြစ်ကြောင်း သိရသည်။ “၎င်းသည် ကမ္ဘောဒီးယားရှိ အပေါင်းအပါများနှင့် ပူးပေါင်းကာ သားကောင်များကို ထိုနိုင်ငံသို့ တရားမဝင် လူကုန်ကူးခဲ့သည်။ ၎င်းသည် ကုမ္ပဏီအတုများထံ ‘ရောင်းစား’ ခံရသည့် လူငယ်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀ မှ ၃,၀၀၀ အထိ တောင်းခံခဲ့သည်” ဟု အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံရှိ ကျွန်ပြုခိုင်းစေသည့် အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဝင်းများ (Slave Compounds) တွင် အလုပ်လုပ်နေရသည့် မိမိတို့နိုင်ငံသား ၁၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ အဆိုပါ ဆိုက်ဘာကျွန်ပြုမှုအမှုများကို အေဂျင်စီအများအပြားက ပူးပေါင်းစုံစမ်းစစ်ဆေးလျက်ရှိသည်။
နယူးဒေလီရှိ အေဂျင်စီများ၏ စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဒေသများတွင် လည်ပတ်နေသည့် ဤ “ကျားဖြန့်ကျွန်ပြုဝင်းများ” (မိုက်ခရိုဆော့ဖ် သို့မဟုတ် ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ အွန်လိုင်းမှ ခြိမ်းခြောက်ငွေတောင်းသည့်) သည် အိန္ဒိယနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများကျူးလွန်ရာ အဓိကဗဟိုချက်များဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။
အရှေ့တောင်အာရှရှိ တရားမဝင် လူကုန်ကူးမှုများနှင့်ပတ်သက်၍ အမှုအချို့ကို စုံစမ်းစစ်ဆေးနေသည့် အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) ကလည်း ယခင်လက ထုတ်ပြန်ချက်တစ်ခုတွင် အဆိုပါ လိမ်လည်မှုစင်တာများမှ ရရှိသည့် ငွေကြေးများကို “ကမ္ဘောဒီးယား၊ တရုတ်နှင့် ဟောင်ကောင်တို့မှ ရာဇဝတ်ဂိုဏ်းချုပ်ကြီးများက ထိန်းချုပ်ထားခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
Ref : Hindustan Times
