◾️ ဂျပန်အစိုးရ၏ ဗီဇာအသစ်ပိတ်ပင်မှုကြောင့် မိသားစုစားသောက်ဆိုင်လုပ်ငန်းစုကြီးဖြစ်သော Skylark တွင် အလုပ်လုပ်နေသည့် မြန်မာကျောင်းသားများ၏ အမြဲတမ်းဝန်ထမ်းဖြစ်လာမည့် အိပ်မက်နှင့် အနာဂတ်အစီအစဉ်များ ထိခိုက်ခဲ့ရ
သက်တံ့
၁၆. ၅. ၂၀၂၆
ဂျပန်နိုင်ငံအစိုးရသည် စားသောက်ကုန်ကဏ္ဍတွင် လုပ်ကိုင်ရန် လိုအပ်သည့် အထူးဗီဇာ (Special Visas) ကိုင်ဆောင်သူအရေအတွက်မှာ သတ်မှတ်ထားသည့် ခွဲတမ်းပမာဏသို့ နီးကပ်လာသောကြောင့် ဗီဇာထုတ်ပေးမှုများကို ဆိုင်းငံ့လိုက်ပြီးနောက် လုပ်သားရှားပါးလာသဖြင့် ဂျပန်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များသည် နိုင်ငံခြားသားလုပ်သား ငှားရမ်းမှုဆိုင်ရာ ၎င်းတို့၏ ချဉ်းကပ်ပုံကို မဖြစ်မနေ ပြန်လည်သုံးသပ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ဂျပန်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ရုတ်တရက် ဗီဇာဆိုင်းငံ့လိုက်မှုကြောင့် နိုင်ငံခြားသားလုပ်သားများအား အပြိုင်အဆိုင် လုယူရမည့် အခြေအနေဆိုးကို ဖြစ်ပေါ်စေခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးမူဝါဒ တင်းကျပ်လွန်းခြင်းကြောင့် လူသိများသော ဂျပန်နိုင်ငံသည် လုပ်သားရှားပါးမှုဒဏ်ကြောင့် မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားသားလုပ်သားများအပေါ် ပိုမိုမှီခိုလာခဲ့ရခြင်း ဖြစ်သည်။
ယာယီကိန်းဂဏန်း အချက်အလက်များအရ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် အထူးကျွမ်းကျင်လုပ်သား “အမျိုးအစား ၁” (Type I Specified Skilled Worker – SSW) အဆင့်ဖြင့် လုပ်ကိုင်နေသည့် နိုင်ငံခြားသားဦးရေမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၄၆,၀၀၀ ခန့်အထိ ရှိလာခဲ့ပြီး၊ ယင်းမှာ ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားသည့် လုပ်သားခွဲတမ်း ၅၀,၀၀၀ ပြည့်ရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Services Agency) သည် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ “အမျိုးအစား ၁” အထူးကျွမ်းကျင်လုပ်သား ဗီဇာလျှောက်ထားရန်အတွက် လိုအပ်သည့် အရည်အချင်းစစ်လက်မှတ် (Certificate of Eligibility – COE) ထုတ်ပေးမှုများကို ဆိုင်းငံ့ခဲ့သဖြင့် အချို့သော လုပ်ငန်းရှင်များက ၎င်းတို့ဗီဇာရရှိရန် ကူညီပေးနေသည့် နိုင်ငံခြားသားလုပ်သားများသည် ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်သွားကြပြီး ဂျပန်သို့ အလုပ်ပြန်လုပ်ရန် ပြန်မလာတော့ဘဲ နေနိုင်ကြောင်း သတိပေးပြောကြားထားသည်။
“အမျိုးအစား ၁” ဗီဇာကိုင်ဆောင်ထားသူများသည် ဂျပန်နိုင်ငံတွင် ၅ နှစ်အထိ နေထိုင်လုပ်ကိုင်ခွင့်ရှိသော်လည်း မိသားစုဝင်များကို ခေါ်ယူခွင့်မရှိပေ။ “အမျိုးအစား ၂” (Type II) ဗီဇာ ကိုင်ဆောင်ထားသူများမှာမူ မိသားစုဝင်များကို ခေါ်ဆောင်ခွင့်ရှိသည့်အပြင် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်သက်တမ်းမှာလည်း ကန့်သတ်ချက်မရှိပေ။

ဂျပန်အစိုးရ၏ ယခုကဲ့သို့ ဗီဇာအသစ်ထုတ်ပေးမှု ဆိုင်းငံ့လိုက်ခြင်းကြောင့် ကြားထဲက ဘေးထွက်ဆိုးကျိုးဒဏ်ကို အလူးအလဲ ခံလိုက်ရသည့် ကုမ္ပဏီကြီးများထဲတွင် မိသားစုစားသောက်ဆိုင်ကြီးများကို ပိုင်ဆိုင်သော Skylark Holdings လည်း ပါဝင်နေသည်။ အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးကို အချိန်ပိုင်းလုပ်သားများအဖြစ် ငှားရမ်းထားပြီး၊ ၎င်းတို့အား လာမည့် ဇွန်လတွင် ကျင်းပမည့် “အမျိုးအစား ၁” အထူးကျွမ်းကျင်လုပ်သား အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရန် ကူညီပြင်ဆင်ပေးနေခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ မူလအစီအစဉ်မှာ အဆိုပါကျောင်းသားများကို လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ပြည့်ပြီးနောက် ရာထူးတိုးမြှင့်ပေးရန်နှင့် နောက်ပိုင်းတွင် သက်တမ်းကန့်သတ်ချက်မရှိသည့် “အမျိုးအစား ၂” ဗီဇာရရှိပါက အမြဲတမ်းဝန်ထမ်းများအဖြစ် ရေရှည်ခန့်အပ်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် အစိုးရက ဗီဇာထပ်မပေးတော့သဖြင့် ကျောင်းသားများ စာမေးပွဲအောင်မြင်လျှင်ပင် စားသောက်ဆိုင်ဗီဇာ လျှောက်ထား၍ မရတော့သောကြောင့် မြန်မာကျောင်းသားများ၏ အနာဂတ်အိပ်မက်များ ပျက်ပြားခဲ့ရသည်။ မြန်မာအပါအဝင် အဆိုပါကျောင်းသားများသည် ဖောက်သည်များကို ဝန်ဆောင်မှုပေးရသည့် အလုပ်ကို ဝါသနာပါ၍ ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သောကြောင့် ဗီဇာရရှိနိုင်မည့် အခြားသော လုပ်ငန်းကဏ္ဍ ၁၅ ခု (ဥပမာ – ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး) သို့ ပြောင်းလဲလုပ်ကိုင်မည့်အစား မိမိတို့၏ နေရပ်နိုင်ငံများသို့သာ ပြန်သွားကြလိမ့်မည်ကို စိုးရိမ်ရကြောင်း ဝန်ဆောင်မှုကဏ္ဍကို အထူးဦးစားပေးသည့် အဆိုပါ Skylark ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အတူ Mos Burger ဆိုင်ခွဲများကို လည်ပတ်နေသည့် Mos Food Services ကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် ဗီယက်နမ်နိုင်ငံတွင် အထူးကျွမ်းကျင်လုပ်သားဗီဇာ လျှောက်ထားလိုသူ ဒေသခံများကို ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနေရခြင်းကြောင့် ယခုအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
စားသောက်ဆိုင်လုပ်ငန်းရှင်ပေါင်း ၄၀၀ ခန့် အဖွဲ့ဝင်အဖြစ် ပါဝင်သော ဂျပန်စားသောက်ကုန်လုပ်ငန်း အသင်း (Japan Foodservice Association) ၏ အဆိုအရ ယခုကဲ့သို့ ဗီဇာဆိုင်းငံ့လိုက်ခြင်းသည် ဆိုင်ခွဲအသစ်များ တိုးချဲ့ဖွင့်လှစ်မည့် အစီအစဉ်များနှင့် ဆိုင်ဖွင့်လှစ်မည့် အချိန်အပိုင်းအခြားများကို ထိခိုက်လာနိုင်ကြောင်း သိရသည်။
လုပ်ငန်းကဏ္ဍအတွင်းရှိ လူအများက အချို့သော ကုမ္ပဏီများသည် “အမျိုးအစား ၁” ဗီဇာရှိပြီးသား နိုင်ငံခြားသားလုပ်သားများကို အခြားဆိုင်များမှ လုယူစည်းရုံးခြင်း (Poaching) များပင် စတင်လုပ်ဆောင်လာနိုင်သည်ကို စိုးရိမ်နေကြသည်။
ထို့အပြင် ယခုကဲ့သို့ ရုတ်တရက် ဗီဇာဆိုင်းငံ့လိုက်ခြင်းကြောင့် ဂျပန်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် နိုင်ငံခြားသားလုပ်သားများအတွက် ဆွဲဆောင်မှု လျော့နည်းသွားစေနိုင်ကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် စားသောက်ကုန်လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲသည့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသို့ လုပ်သားအရေအတွက် ကန့်သတ်ချက် (Cap) ကို ၅၀,၀၀၀ အထက် တိုးမြှင့်ပေးရန် တောင်းဆိုသွားရန် စီစဉ်နေသည်။
သို့သော်လည်း ဝန်ကြီးဌာနဘက်ကမူ ကုမ္ပဏီများအနေဖြင့် ပထမဦးစွာ မိမိတို့ဘက်က ကြိုးပမ်းအားထုတ်မှုများကို ပိုမိုလုပ်ဆောင်စေချင်နေသည်။ ဝန်ကြီးဌာနက “ဒီဗီဇာစနစ်ရဲ့ အဓိက အခြေခံချက်ဖြစ်တဲ့ မိမိနိုင်ငံတွင်းက လုပ်သားတွေကို အရင်ဆုံးရရှိအောင် ကုမ္ပဏီတွေဘက်က အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြရဲ့လား ဆိုတာကတော့ ဆွေးနွေးငြင်းခုံရမယ့် အပိုင်းဖြစ်နေပါသေးတယ်” ဟု ပြောကြားခဲ့သည်။
Ref : SCMP
