





၁၇.၅.၂၀၂၆
Written by Linn Eain
အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ အသက် ၄၅ နှစ်နှင့်အထက်ပြိုင်ပွဲတွင် ကာယဗလအားကစားသမား အောင်ခိုင်ဝင်းက ရွှေတံဆိပ်ဆုဖြင့် တစ်ကျော့ပြန်အောင်မြင်မှုရရှိခဲ့ပြီး မောင်မောင်မြင့်က ငွေတံဆိပ်ဆုရရှိကာ လက်တလောတွင် မြန်မာက ရွှေတံဆိပ် သုံးဆုရရှိထားသည်။
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့၊ MCC ခန်းမတွင်လက်ခံကျင်းပနေခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်ခဲ့ကာ အာဆီယံမှ အားကစားသမားစုစုပေါင်း ၁၀၀ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာမှ အောင်ခိုင်ဝင်းနှင့် မောင်မောင်မြင့်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသက် ၄၅ နှစ်အထက်ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မလေးရှားမှ နှစ်ဦး၊ ဖိလစ်ပိုင်မှ တစ်ဦးတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပထမ အောင်ခိုင်ဝင်း၊ ဒုတိယ မောင်မောင်မြင့်နှင့် တတိယဆုကို မလေးရှားမှတစ်ဦးတို့ ရရှိခဲ့သည်။
ထို့ပြင် အခြားဝိတ်တန်း ၂ ခုတွင် မြန်မာက ရွှေတံဆိပ်ဆု ၂ ဆုရရှိထားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ယနေ မေ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မေ ၁၈ ရက်တွင် အာဆီယံနိုင်ငံများမှ ကာယဗလအားကစားသမားများ ပြန်လည် ထွက်ခွာကြမည်ဖြစ်သည်။
