


သက်တံ့
၁၇. ၅. ၂၀၂၆
လူမှုကွန်ရက်တွင် အစ္စလာမ်ဘာသာဝင်များက အမုန်းစကားဖြန့်ဝေနေမှု တည်ဆဲဥပဒေနှင့် ငြိစွန်းနေ၍ ဆင်ခြင်ရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်သာသနာ့ပညာရှင်များက သတိပေးချက် ထုတ်ပြန်သည်။
လူမှုကွန်ရက်အသုံးပြုနေကြသည့် အချို့သော အစ္စလာမ်သာသနာဝင်များသည် မိမိတို့၏ သာသနာ့ရေးရာကိစ္စရပ်များအား ပြောဆိုရေးသားတင်ပြရာ၌ အစ္စလာမ့်တရားတော်လာ အဆုံးအမများနှင့် သွေဖည်လျက်ရှိပြီး ၄င်းတို့၏ ဆင်ခြင်တုံတရားကင်းမဲ့မှုများကြောင့် ဘာသာ သာသနာ၏ ပုံရိပ်ကို များစွာ ထိခိုက်ညိုးနွမ်းစေသကဲ့သို့ အခြားသော ဘာသာဝင်များလည်း စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း စိတ်မချမ်းမြေ့ဖွယ်တွေ့ရှိနေရသည်။ ဘာသာရေးကိစ္စများကို အခြေခံ၍ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ၊ မသင့်မြတ်မှုများမှတစ်ဆင့် အပြန်အလှန် ဝေဖန်ပုတ်ခတ်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ ဆဲဆိုရိုင်းပြမှုများနှင့် ခက်ထန်ကြမ်းတမ်းသော အပြောအဆို အရေးအသားများသာမက အလွန်အန္တရာယ်ကြီးသော အမုန်းစကားဖြန့်ဝေခြင်း များကိုပါ မဆင်မခြင် လုပ်ဆောင်နေကြကြောင်းလည်း တွေ့ရှိရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတိပေးသည်။
အစ္စလာမ်ဘာသာဝင်တို့ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဘာသာ ပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ကြသည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့အနေဖြင့် မတူကွဲပြားသည့် ဘာသာ တရားများနှင့် ယဉ်ကျေးမှုများကို လေးစားကြရန် လိုအပ်သကဲ့သို့ ဘာသာဝင်များကြား မေတ္တာ ရှေ့ထား သင့်မြတ်စွာ နေထိုင်ကြရန် တာဝန်ရှိသည်။ သို့မှသာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများကို ဝိုင်းဝန်းထိန်းကျောင်းနိုင်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အသိပေးသည်။
လက်ရှိ ဒစ်ဂျစ်တယ်ခေတ်၏ နည်းပညာများကို အပြုသဘောဆောင်သော နယ်ပယ်များ၊ မိမိတို့ တိုင်းပြည်အကျိုး၊ သာသနာ့အကျိုးနှင့် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများ၌သာ အသုံးပြုသင့်ပြီး အနှစ်သာရမရှိသော အငြင်းအခုန်များ၊ အခြေအမြစ်မရှိသော ကောလာဟလများနှင့် စိတ်ခံစားချက်ကို ရှေ့တန်းတင်သည့် တုံ့ပြန်မှုများကို အထူးရှောင်ကြဉ်ကြ၍ အကောင်းအဆိုး ဒွန်တွဲနေသည့် လူမှုကွန်ရက်များကို ဉာဏ်အမြော်မြင်ကြီးစွာ အသုံးပြုကြရမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိတို့၏ ဆင်ခြင်တုံတရားကင်းမဲ့သော ရေးသားပြောဆိုမှုများ၊ အမုန်းစကားများနှင့် အစွန်းရောက်သော တုံ့ပြန်မှုများသည် လူ့အဖွဲ့အစည်းအတွင်း မလိုလား အပ်သော ကိစ္စရပ်များဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရမည်ဟုလည်း သတိပေးထားသည်။
ထို့ကြောင့် ဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေနိုင်သည့် အပြုအမူ၊ အပြောအဆိုများသည် အစ္စလာမ့်တရားတော်နှင့်လည်း ဆန့်ကျင်သကဲ့သို့ နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်လည်း ငြိစွန်းနေကြောင်း အထူးသတိပေးတင်ပြလိုကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ အာလင်မ်သာနာ့ပညာရှင်များနှင့် အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့ အစည်းအနေဖြင့် ထိုသို့သော အပြုအမူ၊ အပြောအဆိုများကို လုံးဝ (လုံးဝ) လက်ခံမည် မဟုတ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် မိမိတို့၏ အပြောအဆို၊ အရေးအသားများကို ယဉ်ကျေးသိမ်မွေ့စွာ ထိန်းသိမ်းကြပါရန်နှင့် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို အဟန့်အတားဖြစ်စေမည့် လုပ်ရပ်မှန်သမျှအား အထူးရှောင်ကြဉ်ကြပါရန် လေးနက်စွာ အသိပေးတင်ပြအပ်ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့က အစ္စလာမ်ဘာသာဝင်များ၏လုပ်ရပ်အပေါ် သတိပေး ထောက်ပြထားသည်။
