သက်တံ့
၁၇. ၅. ၂၀၂၆
ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) ခရိုင်ရှိ မက္ကဆန် လေဆိပ်ရထားလင့်ခ် (Makkasan Airport Rail Link) ဘူတာအနီး၊ အာဆုတ်-ဒင်ဒန်း (Asok-Din Daeng) လမ်းပေါ်မှ ရထားလမ်းကူးတွင် လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရထားနှင့် ဘတ်စကားတိုက်မှုအပြီး ယာဉ်မောင်းနှစ်ဦးလုံးကို ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။
အမှုဖွင့်ခံရသူများမှာ ကာဆေသက် တက္ကသိုလ်မှ မီဂါဘန်နာသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀၆ မှ အသက် ၄၆ နှစ်အရွယ် အဲကွန်းဘတ်စကားမောင်းသူ စုယုန်ပွန် ဆွန်ကူ (Sayomporn Suankul) နှင့် လမ်ချာဘန်း ဆိပ်ကမ်းမှ ဘန်းစုသို့ မောင်းနှင်လာသည့် ကုန်တင်ရထားအမှတ် ၂၁၂၆ မှ အသက် ၅၆ နှစ်အရွယ် ရထားမောင်းသူ လာပစ် သောင်ဘွန် (Lapit Thongboon) တို့ ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးလုံးကို “လူသေဆုံးမှုဖြစ်စေသည့် ပေါ့ဆစွာမောင်းနှင်မှု” ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်သည် မေလ ၁၆ ရက် (စနေနေ့) မွန်းလွဲ ၃ နာရီ ၄၁ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးပွိုင့်မိနေသဖြင့် လမ်းဆုံယာဉ်တန်းနှင့်အတူ ရထားလမ်းကြောင်းပေါ်၌ ပိတ်မိရပ်တန့်နေသော ခရီးသည်တင်ဘတ်စ်ကားကို ကုန်တင်ရထားက ဝင်ရောက်တိုက်မိခဲ့သည်။ တိုက်မိပြီးနောက် ရထားသည် ဘတ်စ်ကားကို မီတာ ၅၀ ခန့်အထိ တရွတ်တိုက်ဆွဲသွားခဲ့ရာမှဆင့်ကဲတိုက်မိခဲ့သည့် အခြားမော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များပါ မီးစွဲလောင်ကျွမ်းခဲ့သည်။

အရေးပေါ်ဖုန်းလိုင်း ၁၉၉ မှတစ်ဆင့် သတင်းရရှိသဖြင့် မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်း ရောက်ရှိလာခဲ့ပြီး မီးငြှိမ်းသတ်နေစဉ်အတွင်း ပေါက်ကွဲသံများလည်း စဥ်ဆက်မပြတ် ထွက်ပေါ်ခဲ့သည်။ နောက်ဆုံးတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ဘတ်စကားအတွင်းမှ ခရီးသည် ၈ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် မော်တော်ကားနှင့် ဆိုင်ကယ်များပေါ်မှ အခြားလူ ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူ ၈ ဦး၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်ရန် ည ၇ နာရီကျော်တွင် ရဲဗဟိုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
မျက်မြင်သက်သေများနှင့် အွန်လိုင်းပေါ်ရှိ ဗီဒီယိုမှတ်တမ်းများအရ အခင်းဖြစ်ပွားချိန်တွင် ရထားလမ်းကူးဂိတ်ဘားတံမှာ အောက်သို့မကျဘဲ တစ်နေရာတည်းတွင် တစ်ဆို့နေခဲ့သည်ကို တွေ့ရသည်။ ဘန်ကောက်မြို့တော်ဝန် ချတ်ချာတ် စစ်တိဖန့် (Chadchart Sittipunt) က ရထားလမ်းကူးပေါ်တွင် မော်တော်ယာဉ်များ ပိတ်မိနေခြင်းကြောင့် ဂိတ်ဘားတံများ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဥပဒေအရ ရထားလမ်းကူးပေါ်နှင့် ၎င်း၏ ဘေးပတ်လည် ၅ မီတာအတွင်း ယာဉ်ရပ်တန့်ခြင်းကို တားမြစ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ရထားလမ်းပေါ်တွင် ယာဉ်များပိတ်မိနေကြောင်း အကြောင်းကြားသော်လည်း ရထားမောင်းသူက ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ဟူသော သတင်းများကြောင့် တာဝန်ရှိသူများသည် ဂိတ်ဘားတံထိန်းသိမ်းသူနှင့် ရထားမောင်းသူတို့အကြား ပြောဆိုခဲ့သည့် ရေဒီယိုဆက်သွယ်ရေး အသံသွင်းချက်များကိုလည်း ပြန်လည်စစ်ဆေးနေကြသည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) သည် စနေနေ့ညနှောင်းပိုင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယင်းလမ်းပိုင်းသည် အမြဲတမ်း ယာဉ်ကြောအလွန်ပိတ်ဆို့လေ့ရှိသည့်နေရာဖြစ်ပါလျက်နှင့် ရထားလမ်းကူးတွင် ယာဉ်ကြောပိတ်ဆို့နေမှုကို ရထားမောင်းသူထံ မည်သည့်ရထားလမ်းဝန်ထမ်းကမျှ ကြိုတင်သတိပေးခြင်းမရှိခဲ့သည်မှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ခဲ့သည်။
မြို့တော်ဝန် မစ္စတာချတ်ချာတ်၊ ပို့ဆောင်ရေးဒုတိယဝန်ကြီး သီရိဖုန်း အန်ခါဆာကူလ်ကိယတ် နှင့် BMTA ညွှန်ကြားရေးမှူး ကစ်တီကန် ချွန်ဒွမ် ဂျာရုဝိုရာပိုလ်ကူးလ် တို့လည်း အခင်းဖြစ်နေရာသို့ ကွင်းဆင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့ကြသည်။ စနေနေ့ညနှောင်းပိုင်းတွင် ပျက်စီးသွားသော ယာဉ်အကြွင်းအကျန်များကို ရှင်းလင်းကာ ရထားကို ဖယ်ရှားပေးခဲ့ပြီးနောက် လမ်းနှင့် ရထားလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒေသခံများနှင့် အများပြည်သူများက သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အခင်းဖြစ်ပွားရာနေရာ၌ ပန်းစည်းများ လာရောက်ချထားခဲ့ကြသည်။
Ref: Bangkok Post
