



၁၇.၅.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ၊အမှတ် (၂) ရပ်ကွက်၊ ကမ္ဘောဇလမ်းတွင် မေလ ၁၆ ရက် နံနက်အစောပိုင်းက အင်ဗာတာအပူလွန်ကဲရာမှ “စွယ်တော်ဖြူ” ကုန်စုံဆိုင်၊ ကား ၂ စီးနှင့် ဆိုင်ကယ် ၃ စီးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ကုန်စုံဆိုင်မီးလောင်မှုမှာ ၂ နာရီခွဲကြာမြင့်ခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“ဆိုင်က ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတော်တော်များများ ပါသွားတယ်။ အိမ်ထဲမှာ ရပ်ထားတဲ့ ကားတွေဆိုင်ကယ်တွေပါ ပါသွားတယ်၊ လူထိခိုက်သေဆုံးမှု မရှိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကုန်စုံဆိုင်မီးလောင်မှုကြောင့် မီးပေါ့ဆသုံးစွဲသူကို လားရှိုးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
