







၁၇.၅.၂၀၂၆
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်စုံခေါင်းရပ်ကွက်ရှိ ဦးဟုန်နုဆီဆိုင်နှင့် ဆီဂိုဒေါင်တွင် မီးလောင်ခဲ့ရာမှ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိမှု ယနေ့ မေလ ၁၇ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ကနဦး စစ်ဆေးချက်များအရ ဆီဘောက်ဆာပေါ် ဆီဖြည့်ရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းနှင့် ဆီလာဝယ်သူတို့ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
“အသိအစ်ကိုတစ်ယောက် မီးထဲပါသွားတယ်။ ကလေးသုံးယောက်ကျန်ခဲ့တယ်၊ စိတ်မကောင်းဘူး “ဟု မြိတ်ဒေသခံတစ်ဦးက ပြောသည်။
တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သော ဆီဂိုထောင်မီးလောင်မှုကြောင့် မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အလျား ပေ ၄၀၊အနံ ပေ ၆၀ ရှိ သွပ်မိုး၊ အုတ်ကာ ဂိုဒေါင်နှင့် အင်ဂျင်ဝိုင်ပုံးများ၊ ဆီများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင် သေဆုံးသူ အမျိုးသားနှစ်ဦးကို ဝဋံသကအသင်းမှ အသင်းဝင်များနှင့် ရှင်သန်ခြင်းပရဟိတအသင်း (မြိတ်)မှ အသင်းဝင်များက မြိတ်မြို့ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
