




သက်တံ့
၁၇. ၅. ၂၀၂၆
စင်ကာပူ ဝန်ကြီးချုပ်အပါအဝင် အစိုးရအရာရှိကြီးများအဖြစ် အသွင်ယူကာ အဆင့်မြင့်နည်းပညာသုံး လိမ်လည်သည့် အမှုတွင် နစ်နာသူတစ်ဦးမှာ အနည်းဆုံး စင်ကာပူဒေါ်လာ ၄ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) ခန့် ဆုံးရှုံးခဲ့ရသည့်ဖြစ်စဥ်မှ လိမ်လည်သူများက ဉာဏ်ရည်တု (AI) သုံး၍ အတုအယောင် လုပ်ကြံဖန်တီးထားသည့် Zoom ဗီဒီယိုကွန်းဖရန့်စ် အစည်းအဝေးမှတ်တမ်းဖိုင် (Footage) များကို စင်ကာပူရဲတပ်ဖွဲ့က လက်ဝယ်ရရှိထားပြီ ဖြစ်ကြောင်း စနေနေ့ (မေ ၁၆ ရက်) တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအရာရှိများနှင့် ယခင်က ထိတွေ့ဆက်ဆံဖူးသည့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကို ပစ်မှတ်ထားလေ့ရှိသည်။ ၎င်းတို့သည် အစိုးရအဖွဲ့အတွင်းရေးမှူး မစ္စတာ ဝေါင် ဟောင်ကွမ် (Wong Hong Kuan) ၏ ပရိုဖိုင်ဓာတ်ပုံကို အသုံးပြုထားသည့် WhatsApp မက်ဆေ့ခ်ျမှတစ်ဆင့် နစ်နာသူထံ ဆက်သွယ်ကာ ဝန်ကြီးချုပ် လောရင့်စ် ဝေါင် (Lawrence Wong)၊ သမ္မတနှင့် အခြားဝန်ကြီးများ ပါဝင်မည့် အွန်လိုင်းအစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် ရှိသည်ဟု အကြောင်းကြားခြင်းမှ လိမ်လည်မှု စတင်ခဲ့သည်။
ထို့နောက် အစည်းအဝေးအတွက် လျှို့ဝှက်ချက်ထိန်းသိမ်းမှုသဘောတူညီချက် (NDA) ပေးပို့ရန် နစ်နာသူ၏ အီးမေးလ်လိပ်စာကို တောင်းခံပြီး၊ [email protected] ကဲ့သို့သော အစိုးရအဖွဲ့ အီးမေးလ်အယောင်ဆောင်ထားသည့် Proton အီးမေးလ်လိပ်စာမှတစ်ဆင့် ဆက်သွယ်ခဲ့သည်။ ၎င်းတို့က နစ်နာသူအား အဆိုပါ NDA တွင် လက်မှတ်ရေးထိုးရန်နှင့် မှတ်ပုံတင်ကတ်ပြား မိတ္တူကို ပေးပို့ရန် တောင်းဆိုခဲ့ကြသည်။
ယခုအမှုတွင် နစ်နာသူသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အခြေအနေနှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေ ကူညီထောက်ပံ့ပေးရန် တောင်းခံသည့် အီးမေးလ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။ ယင်းအီးမေးလ်တွင် ဝန်ကြီးချုပ် ဝေါင်၏ လက်မှတ်ပါရှိပြီး စင်ကာပူအစိုးရအနေဖြင့် အဆိုပါ ရန်ပုံငွေများကို ရုံးပိတ်ရက်မပါဝင်ဘဲ ၁၅ ရက်အတွင်း ပြန်လည်ပေးချေမည်ဟု ဖော်ပြထားသည့် အစိုးရတရားဝင် အာမခံချက်ပေးစာ (Letter of Guarantee) အတုကိုပါ ထည့်သွင်း၍ ယုံကြည်အောင် ပြုလုပ်ခဲ့သည်။
နစ်နာသူက NDA တွင် လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့ဖိတ်ခေါ်သည့် Zoom ဗီဒီယိုကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိထားသည့် ဗီဒီယိုမှတ်တမ်းအရ အဆိုပါ လုပ်ကြံဖန်တီးထားသော အစည်းအဝေးတွင် ဝန်ကြီးချုပ် ဝေါင်၊ သမ္မတ သာမန် ရှန်မူဂါရတ်နမ် (Tharman Shanmugaratnam)၊ ဝန်ကြီး အင်ဒရာနီ ရာဂျာ (Indranee Rajah) နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) မှ ကိုယ်စားလှယ်များ ပါဝင်နေသည်ကို တွေ့ရသည်။
ထို့အပြင် အဆိုပါ အစည်းအဝေး၌ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနှင့် ယူအေအီး (UAE) သမ္မတ၏ အဆင့်မြင့် သံတမန်ရေးရာအကြံပေးအရာရှိတို့ကဲ့သို့သော ပြည်ပအစိုးရအရာရှိကြီးများ အပါအဝင် BlackRock နှင့် ဒူဘိုင်းနိုင်ငံတကာဘဏ္ဍာရေးစင်တာ (Dubai International Financial Centre) တို့ကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများပါ ပါဝင်တက်ရောက်နေသည့် ပုံစံမျိုးဖြင့် Deepfake နည်းပညာသုံးကာ မမှန်မကန် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။
ဗီဒီယိုအစည်းအဝေးအပြီးတွင် လိမ်လည်သူများက WhatsApp မှတစ်ဆင့် ထပ်မံဆက်သွယ်လာခဲ့ပြီး၊ နစ်နာသူက ၎င်းတို့ပေးအပ်သည့် ကုမ္ပဏီဘဏ်အကောင့် (Corporate Bank Account) သို့ ငွေကြေးများကို အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့သည်။ နောက်ပိုင်းတွင် မသင်္ကာသဖြင့် မစ္စတာ ဝေါင် ဟောင်ကွမ်ထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းကြည့်မှသာ မိမိလိမ်လည်ခံလိုက်ရမှန်း နစ်နာသူက သိရှိခဲ့ခြင်း ဖြစ်သည်။
စင်ကာပူရဲတပ်ဖွဲ့က ယခုကဲ့သို့သော လိမ်လည်မှုပုံစံတူညီသည့် ယခင်အမှုများနှင့် ဆက်စပ်၍ SIM ကတ်ဆိုင်ရာ ပြစ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၃ ဦးကို မေလ ၉ ရက်နေ့က ဖမ်းဆီး တရားစွဲဆိုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူလူထုအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သူစိမ်းများထံ ငွေလွှဲခြင်း သို့မဟုတ် မှတ်ပုံတင်အချက်အလက်များ ပေးအပ်ခြင်းမျိုး လုံးဝမပြုလုပ်ကြရန် အလေးအနက် သတိပေးထားသည်။ စင်ကာပူအစိုးရအရာရှိများသည် ပြည်သူများထံ ငွေလွှဲခိုင်းခြင်း၊ ဘဏ်လုပ်ငန်းသုံး လျှို့ဝှက်နံပါတ်များ တောင်းခံခြင်း၊ တရားဝင်မဟုတ်သော အက်ပ်စတိုများမှတစ်ဆင့် မိုဘိုင်းလ်အက်ပလီကေးရှင်းများ ထည့်သွင်းခိုင်းခြင်းမျိုး ဘယ်သောအခါမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
Ref – CNA , The Straits Times & SCMP
