နေမိုး
၁၄. ၅. ၂၀၂၆
ဖလမ်းမြို့နှင့် ကနေဒီတောင်ကို ရက်ပိုင်းအတွင်း လက်လွှတ်လိုက်ရသည့်အပြင် တပ်ဖွဲ့ဝင်များစွာ သေကြေသွားမှုကြောင့် ရှုံးမဲမဲနေသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် NUG ကို ဩဇာခံသော ချင်းလက်နက်ကိုင် PDF Zoland က တီးတိန်မြို့မှ ချယ်ရီတည်းခိုခန်းပိုင်ရှင်ကို ဒလန်ဟုတံဆိပ်ကပ်ကာ ဖမ်းဆီးသတ်ဖြတ်လိုက်သည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က AA နှင့် NUG ကို ဩဇာခံသည့် CB ချင်းလက်နက်ကိုင်များ ယာယီသိမ်းယူထားသည့် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်သိမ်းယူပြီးနောက် တီးတိန်မြို့နယ်အတွင်းတည်ရှိပြီး ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို နယ်မြေလုယက်ထားသည့် ချင်းညီနောင် CB အဖွဲ့ဝင် PDF Zoland တို့၏ အထိုင်စခန်းရှိနေသော ကနေဒီတောင်မှ ချင်းလက်နက်ကိုင်အကြမ်းဖက်များကို မြေပြင်ဝေဟင် စစ်ဆင်ရေးဖြင့် မေ ၅ ရက်၊ မေ ၆ ရက်တို့တွင် ချေမှုန်းကာ တပ်မတော်က ဆယ်ရက်အတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ မြေပြင်ဝေဟင်ထိုးစစ်များအတွင်း PDF Zoland နှင့် Witch အဖွဲ့မှ ချင်းအမျိုးသမီးလက်နက်ကိုင်များအပါအဝင် ချင်း PDF ဆယ်ဦးအထက် သေဆုံးသွားပြီးနောက် ထိုသို့ သေဆုံးမှုနှင့် ဆုတ်ခွာထွက်ပြေးရမှုများမှာ ဒလန်ကြောင့်ဟုဆိုကာ တီးတိန်မြို့မှ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန့်ဒါးလ်အား စစ်တပ်သတင်းပေး၊ ဒလန်ဟုဆိုကာ မေ ၁၁ ရက်တွင် ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီးမှ မေ ၁၃ ရက်တွင် အသက် ၇၀ ကျော် ဦးထန်ခန့်ဒါးလ်မှာ ဦးနှောက်သွေးကြောပေါက်ပြီးသေဆုံးသွားကြောင်း လိမ်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် PDF Zoland အနေဖြင့် ယင်းတို့ တောင်းသလောက်ဆက်ကြေးမပေးသော လုပ်ငန်းရှင်များကို ဒလန်ဟုဆိုကာ ဖမ်းဆီးနှိပ်စက် ပြန်ပေးဆွဲခြင်းများ မကြာခဏပြုလုပ်ပြီး တောင်းသည့်ငွေပေးမှသာ ပြန်လွှတ်ပေးလေ့ရှိသလို ဦးထန်ခန့်ဒါးလ်မှာ အသက် ၇၀ ကျော်ဖြစ်သဖြင့် ချင်း PDF တို့ နှိပ်စက်မှုနှင့် ရာသီဥတုဒဏ်ကြောင့် လက်လွန်သေဆုံးသွားသဖြင့် PDF Zoland ဘက်က ထိုသေဆုံးမှုအပေါ် ဝမ်းနည်းရပါကြောင်း စာထုတ်လာခြင်းဖြစ်သည်ဟုလည်း MT News ၏ ကနဦးစုံစမ်းမှုအရ သိရသည်။
