၁. ၃. ၂၀၂၃
တင်ဆက် ၊တည်းဖြတ် -ဟေမာ

အခုလို လဆန်းရက်တွေမှာ အစည်ကားဆုံးနဲ့ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ စုစည်းကြဖို့ အကောင်းဆုံးနေရာကတော့ KTV လို့ လူသိများကြတဲ့ စိတ်ထွက်ပေါက်တွေဖွင့်ထုတ်ရာ သီချင်းဆိုတဲ့ နေရာတွေပါ ။

ဒီလိုယဥ်ကျေးမှု ပြည်တွင်းမှာ စိမ့်ဝင်လာတာက ၂၀၀၀ ပြည့်နှစ် ကာလများဆီက စခဲ့တာပါ။ VCD ခေတ်ဦးမှာ ကာရာအိုကေတေးသီချင်းတွေပေါ်လာတယ်။ ကာရာကေဆိုဖို့ Amplifier တွေ Sound box တွေ MIC တွေ အခုနောက်ဆုံး Bluetooh box နဲ့ ဖုန်းကိုတွဲပြီး အချိန်မရွေးနေရာမရွေး သီဆိုနိုင်တဲ့အထိ နည်းပညာမြင့်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

MT News ပရိတ်သတ်တွေ သိရှိပြီးသားလဲ ဖြစ်မယ့် ကာရာအိုကေ ပေါ်ပေါက်လာရပုံနဲ့ စက်တီထွင်သူ ဂျပန်လူမျိုး Daisuke Inoue ရဲ့ အကြောင်းကို ဒီ Video လေးကနေ တင်ဆက်ပေးချင်ပါတယ်။

ကာရာအိုကေဆိုတာက ဂျပန်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီး Kara ဆိုတာက ဂျပန်လို ဗလာ လို့ အဓိပ္ပါယ်ရပြီး Oke ကတော့ Orchestra ရဲ့ အတိုကောက်ကို ဆိုလိုတာဖြစ်ပါတယ်။ Singing without music တီးဝိုင်းမပါဘဲ သံစုံတီးဝိုင်းလို သီဆိုနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒိုင်ဆုကီ အီနိုအဲ က ၁၉၇၁ ခုနှစ်မှာ ကာရာအိုကေ စက်ကို တီထွင်ခဲ့သူပါ။ သူက ၁၉၄၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာမို့ လက်ရှိအချိန်မှာ အသက် ၈၂ ရှိနေပြီဖြစ်တဲ့ အီနိုအဲ က ငယ်စဥ်အထက်တန်းကျောင်းသားဘဝက ဒရမ်တီးခြင်း ဝါသနာထုံသူလို့ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ထူးချွန်ပြောင်မြောက်မှု မရှိခဲ့လို့ သူ့လိုပဲ ဂီတကို ဝါသနာပါသူ ဘားတွေမှာ သီချင်းဆိုချင်သူတွေအတွက် တီးဝိုင်းကျောထောက်နောက်ခံမလိုဘဲ သီဆိုနိုင်မယ့် ကာရာအိုကေစက်ကို သူ့ဆီမှာ ရင်းနှီးမြှပ်နှံချင်တဲ့ စီးပွားရေးသမားတွေ အကူအညီနဲ့ တီထွင်ခဲ့တာပါ။ ဒါပေမယ့် အခုလိုတီထွင်ခဲ့မှုအတွက် အကျိုးအမြတ်တစုံတရာ ရယူလိုခြင်းမရှိလို့ မူပိုင်ခွင့်မလျှောက်ထားခဲ့ဘူးလို့လည်း သိရပါတယ်။

အဲဒီလို မူပိုင်ခွင့်မယူခဲ့တာကြောင့် ငွေကြေးအမြောက်အများနစ်နာခဲ့ပေမယ့် အီနိုအဲ က လူတိုင်းကို သီချင်းဆိုခွင့် ရစေချင်လို့ မူပိုင်ခွင့် မတင်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဂျပန်နိုင်ငံရဲ့ အကျိုးအမြတ်အများဆုံးရနေတဲ့ ထိပ်သီးကုမ္ပဏီ Diichi koshino ကုမ္ပဏီနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီကုမ္ပဏီကနေလည်း စွန့်ခွာခဲ့ပြန်ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ ဒိုင်ဆုကီ အီနိုအဲ အကြောင်းကို Time မဂ္ဂဇင်းက “သြဇာအရှိဆုံး အာရှသားများ” ဆိုတဲ့ခေါင်စဥ်နဲ့ရေးသား ဖော်ပြခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Ig Nobel Peace Prize ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ဒါရိုက်တာ Hiroyuki Tsuji က “Karaoke” အမည်ရတဲ့ ဇာတ်ကားကို Inoue အတွက် ဂုဏ်ပြုသောအားဖြင့် Inoue အတ္ထုပ္ပတ္တိ ရုပ်ရှင်အဖြစ် ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *