၂. ၃. ၂၀၂၃

Written by Tha Doe

ဒေါ်ကြူကြူလှ၊ ဒေါ်ကြိုင်ကြိုင်နှင့် ဒေါ်ခင်ခင်ဝင်းတို့အား အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ အပ်နှင်းချီးမြှင့်လိုက်သည်ဟု ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန် အလို့ငှာ ဗုဒ္ဓသာသနာတော်အား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ် ၇ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ အပ်နှင်းချီးမြှင့်ရာတွင် ဒေါ်ကြူကြူလှ၊ ဒေါ်ကြိုင်ကြိုင်နှင့် ဒေါ်ခင်ခင်ဝင်းတို့ ချီးမြှင့်ခံရခြင်းဖြစ်သည်။ ထို့အပြင် ဒေါ်မြမြစန်း၊ ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွဲ့၊ ဒေါ်နန်းရွှေမှုံတို့ကိုလည်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးအမည်မှာ ဒေါ်ကြူကြူလှဖြစ်ပြီး ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၏ ဇနီးအမည်မှာ ဒေါ်ကြိုင်ကြိုင်ဖြစ်ကာ အငြိမ်းစားသမ္မတကြီးဦးသိန်းစိန်၏ ဇနီးအမည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးငြိမ်းဦးမောင်အေး၏ ဇနီးအမည်မှာ ဒေါ်မြမြစန်းဖြစ်ပြီး လက်ရှိယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီးအမည်မှာ ဒေါ်ခင်သက်ဌေးဖြစ်ကာ၊ ဗိုလ်ချုပ်ကြီးစိုးဝင်း(ငြိမ်း)၏ ဇနီးအမည်မှာ ဒေါ်သန်းသန်းနွဲ့၊ ဒုသမ္မတ(ငြိမ်း) ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးမှာ ဒေါ်နန်းရွှေမှုံဖြစ်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News