မီးလောင်နေမှုမြင်ကွင်းများကို တွေ့ရစဥ်(ဓာတ်ပုံ-ပရဟိတလူငယ်များ)

၂. ၃. ၂၀၂၃

Written by Hey Mar

ယနေ့မနက်အစောပိုင်း ၄ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ သခင်မြပန်းခြံအနီး၊ အောင်ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွား​ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်စဥ်နေရာတွင် အုန်းဆီစက်ရုံနှင့် အလုပ်သမားတန်းလျားများ၊ အမှတ် ၃၀ ယာဥ်လိုင်း ဂိတ်ရင်းနေရာလည်းဖြစ်ပြီး လူနေဆိုင်ခန်းသဖွယ်ငှားရမ်းနေထိုင်ကြသော ပေ ၁၀၀၊ ပေ ၄၀ ဝန်းကျင်အကွက်အတွင်းမှ အဆောက်အဦများ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

“မီးစလောင်တာကို အဲဒီတန်းလျားမှာနေတဲ့ ဒန်ပေါက်ချက်တဲ့ အိမ်က စတွေ့ပြီး မီးသတ်ကို အကြောင်းကြားတာပါ။ အဲဒီ နေရာတစ်ဝိုက်မှာက လူနေ ၂ ထပ်ဆိုင်ခန်းနဲ့ အုန်းဆီစက်ရုံ အလုပ်သမားတန်းလျားရယ်၊ နောက်ပြီး ဘော်တယ်ဆိုင်ရယ်၊ သစ်အဟောင်းဆိုင်၊ နောက် နယ်ကိုပို့မယ့် ကုန်လက်ခံဂိတ် ဒါတွေရှိတယ်။ လောင်အား ကောင်းတာတွေချည်းပဲ။ သခင်မြပန်းခြံတစ်ဝိုက် အထမ်းနဲ့ လှည်းသည်တွေရဲ့ ပစ္စည်းတွေကလည်း အဲဒီတန်းလျားမှာ အပ်တာပဲ။ ပေ၁၀၀ အရှည်နဲ့ အနောက်ကို ၄၀ လောက်ရှည်မယ့် တန်းလျားတွဲ တစ်ခုလုံး လောင်တဲ့အပြင် သူ့အနောက်က လုံးချင်းအိမ် ၃ လုံးပါ ပါသွားပါတယ်။ လူထိခိုက်မှုက မီးသတ်တပ်ဖွဲ့ဝင်တွေ မီးဟပ်ခံရတာမျိုး လောင်စာများလို့ အောက်စီဂျင်ပေးရတာမျိုးတွေရှိခဲ့ပါတယ်” ဟု မီးလောင်ပြင်တွင် ဖြစ်စဥ် အစအဆုံး ဝင်ရောက်ကူညီခဲ့သူ ကြီးလေးကြီးပရဟိတ အဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး Level -2 အဆင့်ခေါ်ယူငြှိမ်းသတ်ခဲ့ရကာ မနက် ၅ နာရီ ၄၄ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News