MT News

Written by Myo Khine

သီလဝါစက်မှုဇုန်ရှိစက်ရုံတစ်ခုတွင် ဝန်ထမ်းများသရဲပူးဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

သန်လျင်မြို့ သီလဝါ Zone B ရှိ Fineline ကျောပိုးအိတ်စက်ရုံတွင် မတ်လ ၁ ရက် ညနေ ၃ နာရီခန့်က ပရိတ်တရားနာနေစဉ် သရဲကပ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဝန်ထမ်းများအား တစ်ယောက်ပြီး တစ်ယောက် ပူးကပ်ကြောင်း facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်း အပေါ် ယင်းက အထက်ပါအတိုင်း ပြန်လည်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၁ ရက်က ထုတ်ပြန်ရာတွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါ ပြည်တွင်းစက်မှုဇုန်ရှိ စက်ရုံ(၁)ရုံတွင် အမျိုးသမီး (၅၀)ဦးခန့် သရဲဝင်ပူးသည် ဟူသော သတင်းမှာ သတင်းမှားဖြစ်ကြောင်း ၊ ဖြစ်စဉ်အမှန်မှာ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၁၀၇)၊ Fine Line အိတ်စက်ရုံတွင် ယနေ့ ညနေပိုင်းက အမျိုးသမီးအလုပ်သမား (၁)ဦး နေမကောင်းဖြစ်၍ ဆေးခန်းသွားပြခဲ့ကာ ဆေးခန်းမှ ပြန်လာပြီး ခေတ္တနားနေစဉ် ဝက်ရူးပြန်သကဲ့သို့ ဂယောင်ဂတမ်း ထယောင်ရာ ဘေးမှ အမျိုးသမီး (၂)ဦးကပါ လန့်၍ ကတုန်ကရင် ဖြစ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့ (၃)ဦးအား ဘေးမှ အလုပ်သမားများမှ နှိပ်နယ်ခြင်း၊ ယပ်ခတ်ပေးခြင်း၊ ရေတိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ သတိပြန်လည်လာကြောင်း သိရသည်။

ယင်းအပြင် ၎င်းတို့ (၃)ဦးမှာ လန့်နေကြသဖြင့် စိတ်ရှင်းစေရန် ဘုန်းကြီး (၃)ပါးပင့်၍ ပရိတ်ရွတ်ဖတ်ပေးခဲ့ရာ ထူးခြားမှု မရှိခဲ့ကြောင်း၊ ၎င်းတို့(၃)ဦး အပါအဝင် အလုပ်သမား အားလုံးမှာလည်း အလုပ်ဆင်းချိန်တွင် အသီးသီး အိမ်ပြန်သွားကြသဖြင့် ယခု ညအချိန်တွင် စက်ရုံလည်း ပိတ်ထားကြောင်း၊ သတင်းတုများ ပြန့်နှံ့နေသကဲ့သို့ ထူးခြားမှု မရှိခဲ့သော်လည်း အလုပ်သမားများ စိတ်ရှင်းစေရန် မတ်လ ၂ ရက်တွင် စက်ရုံ၌ ပရိတ်တရားတော်များ ထပ်မံ ရွတ်ဖတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လူမှုကွန်ရက်တွင် ပျံနေသည်မှာ “စက်ရုံကတော့အသစ်ပါ မကြာသေးခင်ကမှ စက်ရုံအသစ်ဖွင့် လူခေါ်နေတာပါ။ ပရိတ်တရားနာရင်းနဲ့ ဝန်ထမ်းတွေကို သရဲဝင်ပူးတာပါ။ တစ်ယောက်ပြီးတစ်ယောက်ဝင်ပူးကုန်ကြတာပါ။ စက်ရုံထဲမှာကြိတ်ပြီး လုပ်နေရင်းနဲ့မှမနိုင်တော့မှ စစ်တပ်ကိုအကြောင်းကြားလိုက်ကြတာပါ။ အခုသတင်းကို အတင်းလိုက်ဖုံးနေတယ်။ မီဒီယာတွေကိုမပြောရဘူး။ Facebook ပေါ်မတင်ရဘူးဆိုပြီး” Zone B ရှိ ပြည်သူတစ်ဦးမှပြောပါသည်။ ပြည်သူ့များသိရှိနိုင်ရန်တင်ပြအပ်ပါသည်။”ဟု ရေးသားထားသည့် အကြောင်းအရာများ ပျံ့နှံ့နေခဲ့ခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News