၁. ၃. ၂၀၂၃
Written by Myo Khine

ပွဲစားကအလုပ်ပေးမည်ပြောကာ ပတ်စ်ပို့စ်စာအုပ်၊ ရင်းဂစ် ၃၀၀ စီကို ယူထားပြီး အလုပ်မပေး၍ မြန်မာ ၈၀ ခန့် မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေကြောင်း ကွာလာလမ်ပူမြို့ရှိ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့၏ တာဝန်ရှိသူ ကိုသက်ခိုင်ဝင်းက MT News သို့ ပြောသည်။

“အခု ဒုက္ခရောက်နေတဲ့သူတွေက မြန်မာနိုင်ငံက တိုင်းရင်းသားတွေလည်း ပါတယ်။ ဗမာတွေလည်းပါတယ်။ အစုံပဲ။ သူတို့ အခုထိ ဘာအလုပ်မှ မရကြသေးဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးနေပါတယ်။ မလေးရှားနိုင်ငံ မာလာကာမြို့က Taman Desa Damai Cheng မှာ ဖြစ်နေတာပါ။ ပွဲစားက တစ်ယောက်စီတိုင်းရဲ့ ပတ်စ်ပိုစ့်စာအုပ်ရယ်၊ ပိုက်ဆံ မလေးရင်းဂစ် ၃၀၀ ရယ် ယူထားပြီးတော့ အလုပ်မပေးနိုင်ဖြစ်နေတယ်။ သူတို့မှာ ဖြစ်သလိုနေရပြီး စားစရာကအစ မရှိဘူး။ စုစုပေါင်း လူ ၈၀ လောက် ရှိတယ်ဗျ”ဟု ယင်းက ပြောသည်။

ယင်း ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများက နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံ အကူအညီတောင်းခံခဲ့သည့်အတွက် မာလာကာမြို့ကို သွားရောက်ကာ မာလာကာမြို့ ဓမ္မရတနာရွှေမြန်မာလူမူကူညီရေးအသင်း ဥက္ကဋ္ဌ ကိုမျိုးချစ်နှင့်တွေ့ဆုံဆွေးနွေးကာ ကူညီပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ အားပေးစကားပြောတယ်။ သူတို့ ကိစ္စကို စုံစမ်းမေးမြန်းတယ်။ လောလောဆယ်လိုနေတဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ငါးသေတ္တာစုစုပေါင်း ရင်းဂစ် ၂၈၂၁ ဖိုး ဝယ်ပြီးတော့ လှူဒါန်းပေးခဲ့ပါတယ်။ မလေးရှားမှာ အလုပ်ရှာပေးတဲ့ ပွဲစားတွေအနေနဲ့ ကိုယ်လုပ်တဲ့အလုပ်ကိုတာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟု ယင်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News