၈.၄.၂၀၂၆
Written By Thandar
Bo Bo Film Production နဲ့ Mahar ပူးပေါင်းတင်ဆက်မယ့် အချစ်ဒရာမာဇာတ်လမ်းပုံစံ “သင်္ကြန်ချစ်စကား” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ ဧပြီ ၈ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ The Clover Cafe & Restaurant မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ဒီဇာတ်လမ်းတွဲက ကာရိုက်တာက ဖိုးသိကြားဆိုတဲ့နေရာလေးပါ။ သင်္ကြန်ဇာတ်ကားလေးဆိုတော့ အချစ်ဒရာမာဇာတ်လမ်းလေးပါ။ ကျွန်တော်တို့ သင်္ကြန်ကာလလေးဆိုတော့ ရိုက်ကူးဖြစ်တာပါ။ ကျွန်တော့်အတွက် သင်္ကြန်ကားဆိုရင် သုံးကားမြောက်ကားလို့လည်း ပြောလို့ရပါတယ်။ သင်္ကြန်ကာလလေးဆိုတော့ ရိုက်ကူးရတာလည်း သဘောကျပါတယ်”လို့ သရုပ်ဆောင် တေဇလင်းရောင်က ပြောပါတယ်။
အဆိုပါဇာတ်ကား မိတ်ဆက်ပွဲကို အနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး မုန့်လုံးရေပေါ် ၊ ရွှေရင်အေး၊ အအေးတို့ ကျွေးမွေးခဲ့သလို သင်္ကြန်အကြို ရေတွေပက်ဖျန်းခဲ့ကြပါတယ်။
ဒါရိုက်တာ ရာဇဝင်ကိုက သင်္ကြန်ချစ်စကား ဇာတ်လမ်းတွဲ အချစ်ဇာတ်လမ်းပုံစံ သင်္ကြန်ရသလေးပေးစွမ်းပြီး ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တေဇလင်းရောင်၊ မင်းအာကာ၊ မျိုးကိုကျော်၊ ပိုင်အိမ်ခ၊ ထူးအောင်ဝေ၊ သံသာညီ၊ ဥဩသံသာ၊ မိုးသဲဖြူ၊ ဗွာဗွားနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြပါတယ်။
အပိုင်း ၆ ပိုင်းစာ ပါဝင်မယ့် “သင်္ကြန်ချစ်စကား” ဇာတ်လမ်းတွဲကို ဧပြီ ၁၀ ရက်မှာ Mahar Application၊ Mahar Channel လိုင်းကနေ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#တေဇလင်းရောင် #မင်းအာကာ #မျိုးကိုကျော် #ပိုင်အိမ်ခ #ထူးအောင်ဝေ #ဥဩသံသာ #မိုးသဲဖြူ #ဗွာဗွား #MaharApplication #BoBoFilmProduction #သင်္ကြန်ချစ်စကား







