နေမိုး
၈. ၄. ၂၀၂၆
“ဝ” လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေ၊ ပန်ဆန်းမြို့မှာ ယမ်းသိုလှောင်ထားတဲ့စက်ရုံပေါက်ကွဲခဲ့ပြီး လူရာချီ ထိခိုက်သေဆုံးသွားတယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land နဲ့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ပန်ဆန်းမြို့၊ ယောင်းပန်းရွာ (Yaong Pang)မှာ မနေ့က ဧပြီ ၇ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်က ယမ်းသိုလှောင်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ နီးစပ်သူတွေရဲ့ ပြောပြချက်အရ လူ (၆၀)ကျော်ဝန်းကျင် ထိခိုက်မှုရှိပြီး သေဆုံးသူလည်းရှိတယ်လို့ Wa News Land က ဆိုသလို MT News စုံစမ်းမှုအရ လူ ၁၀၀ နဲ့ ၂၀၀ အကြား ထိခိုက်သေဆုံးသွားတယ်လို့လည်း ကနဦး သိရပေမဲ့ သေဆုံးဒဏ်ရာရမှု အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံတွေမှာတော့ ပေါက်ကွဲပျက်စီးမှုက အလွန်ကြီးမားခဲ့တာ တွေ့ရပေမဲ့ ဒီဖြစ်စဥ်အပေါ် UWSA က သတင်းထုတ်ပြန်ခြင်းမရှိသေးတာကြောင့် ဒီ ယမ်းစက်ရုံဟာ UWSA ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံဟုတ် မဟုတ် အတည်မပြုနိုင်သေးပေမဲ့ ရုပ်သံတစ်ခုမှာတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ UWSA တပ်ဖွဲ့ဝင်တွေ ရှိနေတာကို တွေ့ရပါတယ်။
