၈. ၄. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄၀ သန်း တင်ပို့နိုင်ခဲ့၍ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၈၆၁ သန်းအထိ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည့်စာရင်းရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ လစဉ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုပမာဏမှာ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်တင်ပို့မှုမှ ဒေါ်လာ ၉၁ သန်း၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန်တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တန်တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တန်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တန်တင်ပို့မှုမှ ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တန်တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၁,၈၆၄ တန်တင်ပို့မှုမှ ဒေါ်လာ ၉၉ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၀၈,၈၄၇ တန်တင်ပို့မှုမှ ဒေါ်လာသန်း ၆၀၊ ဖေဖော်ဝါရီတွင် တန်ချိန် ၁၇၈,၁၉၁ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းနှင့် မတ်လတွင် တန်ချိန် ၂၃၄,၆၉၀ တန်တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၄၈၇ သန်း တင်ပို့ခဲ့ခြင်းကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
