၈. ၄.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီး၊ နှင်းဆီလမ်းရှိ ၂ ခန်းတွဲ ၉ ထပ်တိုက်၏ ပထမထပ်ညာဘက်အခန်းရှိ Spike Sale Center အထည်ဆိုင်တွင် ဧပြီလ ၇ ရက် ညနေ ၃ နာရီ ၄၆ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ မီးစက်နှိုးပြီး ပါဝါဘဏ်အားသွင်းထားရာမှ အပူအလွန်ကဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။
“မီးပျက်နေတဲ့အချိန်မှာ မီးစက်နှိုးပြီး ပါဝါဘဏ် (Power Bank)ကို အားသွင်းထားတာ။ ဝါယာကြိုးတွေ အပူလွန်ရာကနေ မီးပွားထွက်ပြီး အောက်မှာရှိတဲ့ အဝတ်အိတ်တွေပေါ်ကို ကျရာကနေတဆင့် မီးစလောင်တယ်လို့ သိရပါတယ်”ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။


၃၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အဝတ်အိတ် ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အထည်ဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၃ နှစ်အရွယ် ဆိုင်မန်နေဂျာ ဒေါ်လွင်လွင်မိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


