၈. ၄. ၂၀၂၆
Written by Nyein Kyaw
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
ထိုသို့ တိုးချဲ့ပြေးဆွဲပေးရာတွင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်များအား ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်၊ ၂၀ ရက်တို့တွင် DEMU(စပိန်) အထူးရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင်လည်းကောင်း၊ နေပြည်တော်မှ နေ့လယ် ၁၂ နာရီခွဲတွင်လည်းကောင်း စတင်ထွက်ခွာမည်ဖြစ်သည်။

ထို့အတူ ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များအား ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်၊ ၂၀ ရက်တို့တွင် အထူးလေအိတ်ရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်မှ နေ့လယ် ၁ နာရီတွင်လည်းကောင်း၊ ပြည်မှ ည ၁၀ နာရီခွဲတွင်လည်းကောင်း စတင်ထွက်ခွာမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအား အထူးလေအိတ်ရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်အတွက် ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်၊ ၂၀ ရက်တို့တွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွက် ဧပြီ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်တို့တွင် ပြေးဆွဲပေးမည်ဖြစ်ပြီး မော်လမြိုင်မှ ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။
အထက်ပါ နေ့ရက်များအလိုက် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင်ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
ထို့အပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှလက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် ခုနစ်ရက်နှင့် ကြားဘူတာများတွက် သုံးရက်ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အထက်ပါ ထပ်တိုးပြေးဆွဲပေးသည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း ခြောက်တွဲနှင့် ရိုးရိုးတန်းရှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲဖြင့် ဝန်ချိန်ပြည့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်သည်။ ထို့အတူ ရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်သည်။
သို့သော် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ် (၈၁) အဆန်၊အမှတ် (၈၂) အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၆၃) အဆန်၊ အမှတ် (၆၄) အစုန် လူစီးစာပို့ရထား ၊ သာစည်-တောင်ကြီးလမ်းပိုင်း၌ အမှတ် (၁၄၁) အဆန်၊ အမှတ် (၁၄၂) အစုန်စာပို့ ရထား၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၌ အမှတ် (၁၀၃) အဆန်၊ အမှတ် (၁၀၄) အစုန်လော်ကယ်ရထား၊ လက်ပံတန်း-သာရဝေါ လမ်းပိုင်း ၌ အမှတ် (၁၉၅) အဆန်၊ အမှတ် (၁၉၆) အစုန် လော်ကယ်ရထား၊ မြစ်ကြီးနား -မိုးကောင်းလမ်းပိုင်း၌ မိုးကောင်း(၁)၊ မိုးကောင်း(၂)လူစီး ရထားနှင့် ပုသိမ်-ကြံခင်းလမ်းပိုင်း၌ အမှတ်(၁၈၁)အဆန်၊ အမှတ် (၁၈၂)အစုန် လူစီးရထားများအား သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေ့စဉ်ပုံမှန် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ထို့အတူ ရှုခင်းကြည့်ရထားများဖြစ်သည့် ပြင်ဦးလွင်-ဂုတ်ထိပ်၊ တောင်ကြီး-ပေါမူခရီးစဉ်များကိုလည်း သင်္ကြန်ပိတ်ရက်ကာလအတွင်း စီးနင်းလိုသည့်ခရီးသည်များရှိပါက ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
