၈.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်နဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့တယ်လို့ ကြေညာပြီးနောက်မှာ အမေရိကန်စစ်တပ်ကလည်း အီရန်အပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဧပြီလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလအတွင်း အီရန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အီရန်အစိုးရကလည်း အပစ်အခတ်ရပ်စဲမှုကို အောင်ပွဲရရှိမှုအနေနဲ့ တုံ့ပြန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအား အီရန်အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့နဲ့ နျူကလီးယားသန့်စင်မှုကို လက်ခံဖို့အပါအဝင် သူ့ဘက်ကတင်ပြထားတဲ့ အချက် ၁၀ ချက်ပါ အစီအစဉ်ကို လက်ခံဖို့ ဖိအားပေးခဲ့တယ်လို့ အီရန်နိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိတာနဲ့အတူ ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း အီရန်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်အဖွဲ့တွေကို ဧပြီလ ၁၀ ရက်မှာ အစ္စလမ္မာဘတ်မြို့မှာ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အစ္စရေးအစိုးရကတော့ စစ်ပွဲမှာ အမေရိကန်နဲ့ အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့မှုအပေါ် စိုးရိမ်မိတယ်လို့ ဆိုခဲ့ပါတယ်။
Ref- CNN
