၈.၄.၂၀၂၆
Translated by Htwe Ko Tun
မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပသွားတော့မှာဖြစ်တဲ့ နှစ်သစ်ကူး ဆုန်ခရန်ပွဲတော်ကို ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ရဲ့ ကွပ်ကဲရေးစင်တာမှတစ်ဆင့် ၂၄ နာရီပတ်လုံး ပွဲတော်ကျင်းပနေမှုအချက်အလက်အားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုရှိရေးက ပထမဦးစားပေးဖြစ်တယ်လို့ ဘန်ကောက်မြို့ ဒုတိယမြို့တော်ဝန် မစ္စစ် တာဗီဒါ ကာမိုလ်ဗက်ဂျ်က ဧပြီလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆုန်ခရန်ပွဲတော်ဟာ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ဘန်ကောက် မြို့တော်တစ်ဝန်းမှာ ပွဲတော်ကျင်းပရာနေရာ အနည်းဆုံး ၈၈ ခုရှိမှာဖြစ်ပြီး အရက်ကင်းစင်တဲ့ ရေပက်ကစားဖို့နေရာတွေ သတ်မှတ်ထားတယ်လို့ မစ္စစ်တာဗီဒါက ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့အတွင်း ဆုန်ခရန်ပွဲတော် အဓိကကျင်းပမယ့်ဗဟိုချက်တွေမှာ လန်ခွန်မောင်း (Lan Khon Mueang) ပြည်သူ့ရင်ပြင်၊ ဘန်ကောက်မြို့တော်ခန်းမ၊ ဆီလုမ်လမ်း (Silom Road)၊ ခေါဆန်လမ်း (Khao San Road)၊ ဆီယမ် စကွဲယား (Siam Square) ဈေးဝယ်စင်တာနဲ့ CentralWorld ကုန်တိုက်ကြီးတို့ ပါဝင်တယ်လို့ သိရပါတယ်။
ပွဲစီစဉ်သူတွေကို ရေအမြောက်ကြီးတွေနဲ့ မပစ်ဖို့၊ မသင့်လျော်တဲ့ အပြုအမူတွေ မပြသဖို့နဲ့ မြေဖြူမှုန့် ဒါမှမဟုတ် ကိုယ်လိမ်းပေါင်ဒါအမှုန့်တွေနဲ့ မပက်ဖျန်းဖို့စတဲ့ ဘေးကင်းလုံခြုံမှုရှိစေရေး အချက်တွေကို ညွှန်ကြားထားပါတယ်။ မြို့တော်အတွင်း ရေကို ချွေတာသုံးစွဲရန်လည်း အားပေးပြီး ည ၁၀ နာရီအထိသာ ရေပက်ခွင့်ပြုထားပါတယ်။
ဘန်ကောက်အုပ်ချုပ်ရေးမှူး ချဒ်ချတ် ဆစ်တီပန့် (Chadchart Sittipunt) က ပွဲတော်ကာလအတွင်း အပူချိန်က ၆၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာနိုင်လို စီစဉ်သူအားလုံးကို အရေးပေါ်အဖွဲ့တွေ ပြင်ဆင်ထားဖို့နဲ့ လူထုအတွက်သောက်သုံးရေ ရရှိစေဖို့ BMA က ညွှန်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။

ဘန်ကောက်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆာယမ် ဘွန်ဆွမ်က လောင်စာဆီနဲ့ ခရီးသွားစရိတ်တွေ မြင့်တက်လာလို့ ဆုန်ခရန်ပွဲတော်ကာလမှာ ဘန်ကောက်နေပြည်သူအများစုဟာ သူတို့ရဲ့ဇာတိမြို့တွေကို ပြန်မယ့်အစား ဘန်ကောက်မှာပဲ နေထိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပွဲတော်ကာလအတွင်းဘေးကင်းလုံခြုံစေဖို့ကို သေချာအောင် ရဲတပ်ဖွဲ့ဝင်တွေကို ထပ်မံခန့်အပ်သွားမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Ref : Bangkok Post
