၈.၄.၂၀၂၆
Written by Linn Eain
သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များ နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်း ဧပြီ ၃၀ ရက်အတွင်း ဆောင်ရွက်ရန်နှင့် စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း (၅) နှစ်ကျော်လွန်သည့် မော်တော်ယာဉ်များကို မေ ၁ ရက်ကစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG; Compressed Natural Gas) သည် သဘာဝဓာတ်ငွေ့ကို ဆလင်ဒါအိုးများအတွင်း မြင့်မားသောဖိအားဖြင့် ဖိသိပ်မောင်းသွင်းထားသောကြောင့် အိုးများသည် ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် ပြင်ပသို့ ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီး သုံးစွဲသူများ ထိခိုက်ပျက်စီးနိုင်ပြီး အန္တရာယ်ရှိပါသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် CNG မော်တော်ယာဉ်များကို နှစ်စဉ် နှစ်ပတ်လည် (Annual Inspection) စစ်ဆေးခြင်းကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ ဌာနက အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ပြား ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် CNG ဆလင်ဒါအိုးများ စတင်ထုတ်လုပ်သည့် ခုနှစ်မှစ၍ (၅) နှစ်ပြည့်ပြီးသည့် ဆလင်ဒါအိုးများအား ပထမအကြိမ် စစ်ဆေးခြင်း၊ ဒုတိယ(၅) နှစ်ပြည့်လျှင် ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းများကိုလည်း CNG မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနက စနစ်တကျစက်ကိရိယာများဖြင့် သေချာစွာစမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ CNG အိုး သက်တမ်း (၁၅)နှစ် ကျော်လွန်သည့်အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ် မူတည်၍ သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အိုးအများစုကို ပယ်ဖျက် (Reject) စာရင်း သတ်မှတ်ဖျက်ဆီးလျက်ရှိသည်။
CNG မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် အများပြည်သူလုံခြုံဘေးကင်းရေးအတွက် ဌာနက ဆောင်ရွက်သည့် နှစ်ပတ်လည် စစ်ဆေးခြင်းများကို မဖြစ်မနေ စစ်ဆေးမှုခံယူသွားပါရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုးများကိုသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှုကို အပြီးတိုင် ရပ်ဆိုင်းသွားမည်လည်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် CNG မော်တော်ယာဉ်ပိုင်ဆိုင်သူများအနေဖြင့် နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူကာ CNG ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ်ထုတ်ယူခြင်းများကို လာရောက်ဆောင်ရွက်ကြရန် တိုက်တွန်းအသိပေးကြောင်းနှင့် အကယ်၍ လာရောက်စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း (၅) နှစ်ကျော်လွန်သည့် မော်တော်ယာဉ်များကို ၂ဝ၂၆ ခုနှစ်၊ မေလ ၁ ရက်ကစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ နှစ်ပတ်လည် စစ်ဆေးခြင်းခံယူရာတွင် သက်တမ်း(၅) နှစ်အောက်ဖြစ်သည့် မော်တော်ယာဉ်များအနေဖြင့် ၂ဝ၂၆ ခုနှစ်၊ မေလ ၁ ရက်ကစတင်၍ တစ်နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် သုံးလ၊ နှစ်နစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် ခြောက်လ၊ သုံးနှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် ကိုးလနှင့် လေးနှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် တစ်နှစ်အဖြစ် ပြစ်ဒဏ်များသတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် CNG မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်း အစီအစဉ်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် CNG အရောင်းဆိုင်များဖွင့်လှစ်ကာ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


