၈.၄.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ ကာဝါဆာကီမြို့၊ ကာနာဂါဝါစီရင်စုရှိ ဖြိုဖျက်မှုပြုနေတဲ့ လုပ်ငန်းခွင်နေရာတစ်ခုမှာ မီတာ ၄၀ ခန့်မြင့်တဲ့ ငြမ်းတစ်ခု မတ်လ ၇ ရက် ညနေပိုင်းက ပြိုကျပြီးနောက် မတ်လ ၈ ရက် နံနက်အထိ အလုပ်သမားသုံးဦး သေဆုံးခဲ့ရပြီး ပင်လယ်ထဲကို ပြုတ်ကျဖွယ်ရှိတယ်လို့ ယူဆရတဲ့ အလုပ်သမားတစ်ဦးမှာတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။
မတ်လ ၇ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်မှာ ဆယ်ကျော်သက်အရွယ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသား အလုပ်သမားငါးဦးဟာ JFE Steel Corp ရဲ့ အရှေ့ဂျပန်လုပ်ငန်း သံမဏိထုတ်လုပ်ရေး စက်ရုံအတွင်းရှိ လုပ်ငန်းခွင်နေရာတစ်ခုမှာ ဝန်ချီစက်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖြုတ်ချနေချိန် ငြမ်းပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က အစောပိုင်းမှာ သေဆုံးသူနှစ်ဦးရှိပြီး ကန်ရှီရို ချီဘာ (၁၉ နှစ်) နဲ့ ယူကိုကီး (၂၉ နှစ်) တို့ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ တတိယမြောက် သေဆုံးသူအမျိုးသားက သတိလစ်ပြီး အခြေအနေ စိုးရိမ်ရလို့ ဆေးရုံကိုတင်ပို့ခဲ့တာမှာ ဆေးရုံမှာ ထပ်မံသေဆုံးခဲ့တာပါ။ စတုတ္ထမြောက်အလုပ်သမားကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အတူ ဆေးရုံမှာပဲရှိပါသေးတယ်။
ဒီအဖြစ်အပျက်က ကြီးမားလှတဲ့ ဝန်ချီစက်ကြီးနဲ့ ဆက်စပ်နေတာပါ။ ဒီဝန်ချီစက်ကြီးက ကုန်စည်တင်ချမှုလုပ်ငန်းတွေဆောင်ရွက်တာမှာ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တန်ချိန် ၅၀၀ ရှိတဲ့ တန်ချိန်ချိန်ခွင်လျှာအလေးကို အသုံးပြုတာပါ။ အဲဒီအလေးချိန်က လျော့ရဲသွားတုံးမှာ ဝန်ချီစက်နဲ့ ငြမ်း ထိတွေ့သွားခဲ့တာလို့ ရဲတပ်ဖွဲ့ နဲ့ ဒေသခံမီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။
ဒေသခံရာသီဥတုစောင့်ကြည့်ရေးဌာနတစ်ခုရဲ့ အဆိုအရမတော်တဆမှုဖြစ်ပွားချိန်မှာ ကာဝါဆာကီမြို့အတွက် လေပြင်းတိုက်ခတ်မှု သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်ကမ်းမှာရှိတဲ့ ငါးမျှားနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သူ့အနေနဲ့ ကျယ်လောင်လှတဲ့သတ္တုရိုက်ခတ်သံကို ဦးစွာကြားရပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရလို့ အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
JR Ogimachi ဘူတာရုံရဲ့ တောင်ဘက်ရှိ အိုဂီရှီမာ လူလုပ်ကျွန်းပေါ်ရှိ စက်ရုံဧရိယာမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
Ref-Japan Times
