၁.၄.၂၀၂၆
Written By Thandar
ရုပ်သံလိုင်းတွေမှာ Host တွေလုပ်ဆောင်ခဲ့တဲ့ ဟိန်းတေဇက မကြာခင်ကျရောက်မယ့် နှစ်သစ်အတာသင်္ကြန်အတွက် ကိုယ်ပိုင်သံစဉ်သစ် “တစ်နှစ်မှ တစ်ခါ”သီချင်းလေးကို ရာသီစာအနေနဲ့ ပြန်လည်ဆန်းသစ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။
“အစ်ကို့အနေနဲ့ တစ်နှစ်မှ တစ်ခါ တေးသီချင်းက အသစ်လို့ပြောရမယ်။ အစ်ကို ၂၀၁၁ ခုနှစ် လွန်ခဲ့တဲ့ ၁၅ နှစ်က ထွက်ထားတဲ့ သီချင်းကို ပြန်ပြီး အသစ်ပြန်လုပ်ထားတာပါ။ အခုခေတ်ပုံစံလေးလည်း ခံစားရအောင်ရယ်။ ပြီးတော့ လိုအပ်တဲ့အပိုင်းလေးအတွက် အစ်ကိုကိုယ်တိုင် စာသားလေးတွေ ထပ်ဖြည့်ထားပါတယ်။ သီချင်းကို ရေးပေးထားတာ ကိုဧထက်ပါ။ အစ်ကိုက လိုအပ်တဲ့စာသားတချို့ ထပ်ဖြည့်ထားတယ်။ ဒီသီချင်းက ၄ ရက်နေ့ မာမီကြီးတင်တင်မြပွဲမှာ အစ်ကိုဆိုဖို့ရှိတော့ အဲ့ဒီ့ပွဲပြီးရင် ထွက်မယ်။ အရင်ထဲက ကိုယ့်သီချင်းလေးက သံစဥ်ပိုင်းရော စာသားတွေပါ ထူးထူးခြားခြားလေးဖြစ်သလို ကိုယ်ကြိုက်ခဲ့ပြီးသားမို့ပါ။ အခုပြန်လည်ပြီး အသစ်ဖန်တီးရတော့လည်း အခုခေတ်ပုံစံလေးနဲ့ တစ်မျိုးထပ်ပြီး ကြိုက်ရပါတယ်”လို့ တေးသံရှင် ဟိန်းတေဇက MT Entertainment ကို ပြောပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေးဧထက်နဲ့ ဟိန်းတေဇတို့က ရေးသားပြီး Music Projecter အနေနဲ့ Ton Ton က ဖန်တီးပေးထားသလို Mixing and mastering ကို ကိုမျိုးကျော်က တီးခတ်ပေးထားပါတယ်လို့ သိရပါတယ်။
“ကိုယ့်သီချင်း ကိုယ်ပြန်ဆိုရတာ ကျေနပ်ပါတယ်။ ရာသီစာမို့ ဒီသီချင်းလေးကိုလည်း ရိုးရာအမွေသင်္ကြန်ရေတုန်းကလိုပဲ အားပေးဖို့နဲ့ သီချင်းလေးကိုလည်း နားဆင်ပေးဖို့ ပြောချင်ပါတယ်။ အားလုံးမြူးမြူးကြွကြွနဲ့ ထပ်ပြီး ကြိုက်ရဦးမယ် သီချင်းလေးလိုပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
သူ့ဟာ အနုပညာဂီတပိုင်းနဲ့ပတ်သက်ရင် ဝါသနာကြီးသူမို့ တေးသီချင်းသစ်တွေကိုလည်း ဆက်လက်ဖန်တီးသွားမယ်လို့ သိရပါတယ်။
#ဟိန်းတေဇ #HeinTayza #တေးသံရှင်ဟိန်းတေဇ #MyanmarSinger #Host #MyanmarThingyan #MyanmarFestival #တစ်နှစ်မှတစ်ခါ #သင်္ကြန်သီချင်းသစ် #ရာသီစာ
တင်ပေးပါ
