◾️ ထပ်တလဲလဲဖြစ်နေသည့် မြင့်မားသည့်ဝယ်ယူမှု ကုန်ကျစရိတ်များက တိုးတက်မှုအရှိန်အဟုန်ကို လျော့သွားစေမည့် အန္တရာယ်ရှိနေ
၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ခိုင်မာစွာတိုးတက်မှုရရှိခဲ့ပြီး ပို၍မြင့်တက်လာခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ် မတ်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် မတ်လအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများတွင် ခိုင်မာစွာတိုးတက်မှုရခဲ့သော နောက်ထပ်လတစ်လအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတို့တွင် ထိန်းထားနိုင်ပြီး ပိုမိုအားကောင်းသော မြင့်တက်မှုများက အလုံးစုံတိုးတက်မှုရခြင်းကို အထောက်အကူဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၅၁ ဒသမ ၅ ရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လတွင် ပြောင်းလဲမှုမရှိခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ ကောင်မွန်မှုတွင် အသင့်အတင့် တိုးတက်မှုရရှိခြင်းကို ပြသနေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကုမ္ပဏီများကြား ထုတ်လုပ်ရေးတွင် သုံးလဆက်တိုက်လစဉ် ဦးမော့မှုတစ်ခုရှိခဲ့ကြောင်း မတ်လအတွင်း အချက်အလက်များက ပြသခဲ့ပြီး ပိုမိုများပြားသော အမှာစာအသစ်များက တိုးချဲ့မှုကို အထောက်အကူဖြစ်စေခဲ့သည်။
ကုန်ထုတ်လုပ်ရေး တိုးပွားမှုနှုန်းသည် အမှာစာအသစ်များတွင် တွေ့မြင်ရသည့်နှင့်အညီဖြစ်ခဲ့ပြီး ဦးမော့မှုသည် ၁၅ လအတွင်း အားအကောင်းဆုံးဖြစ်ခဲ့ကြောင်းနှင့် မတ်လတွင် ထည့်ကုန်(ကုန်ကြမ်း) ဝယ်ယူရေး လုပ်ဆောင်မှု မြှင့်တင်ရန် အထောက်အကူသည်လည်း ၃၃ လအတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။
“မတ်လက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍအတွက် ဒီနှစ်ရဲ့ ပထမသုံးလပတ်ကို ခိုင်မာတဲ့ အုတ်မြစ်တစ်ခုပေါ်မှာ ပိတ်သိမ်းခဲ့ပါတယ်။ လုပ်ငန်းတွေက ထိန်းထားနိုင်တဲ့ ဝယ်လိုအား တိုးတက်မှုတွေကနေ ဆက်ပြီးတော့ အကျိုးကျေးဇူး ခံစားရနေပြီး အဲဒါက ပိုမိုမြင့်မားတဲ့ ထုတ်လုပ်ရေးပမာဏတွေနဲ့ မြင့်တက်လာတဲ့ ထည့်ကုန်ဝယ်ယူရေးလုပ်ဆောင်မှုတို့ကို တိုက်ရိုက်ဖြစ်ခဲ့ပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
သို့သော်လည်း ဝယ်လိုအားသည် အမှန်တကယ် အထိမခံဖြစ်နေဆဲဖြစ်ပြီး ထပ်တလဲလဲဖြစ်နေသည့် မြင့်မားသည့်ဝယ်ယူမှု ကုန်ကျစရိတ်များက တိုးတက်မှုအရှိန်အဟုန်ကို လျော့သွားစေမည့် အန္တရာယ်ရှိသကဲ့သို့ လတ်တလော ရရှိထားခြင်းများကို ပြောင်းပြန်ဖြစ်စေနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
