၁.၄.၂၀၂၆
Written by Nay Yaung
မနက်ဖြန် ဧပြီ ၂ ရက်တွင် ပြုလုပ်မည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဉ် (လျာထားချက်) အရ သိရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဧပြီ ၂ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးအစီအစဉ် ၁၄ ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အသီးသီးမှ တင်ပြသည့် ဒုတိယသမ္မတများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်ကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ကြိုတင်ရှင်းလင်းတင်ပြမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ရန်အတွက် ဒုတိယသမ္မတများကို ရွေးချယ်အတည်ပြုပြီးဖြစ်ရာ ပြည်သူ့လွှတ် တော်က ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကိုလည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုလည်းကောင်း ရွေးချယ်အတည်ပြုထားပြီးဖြစ်သည်။
နိုင်ငံတော်သမ္မတရွေးချယ်ပွဲတွင် မဲအများဆုံးရသူက နိုင်ငံတော်သမ္မတအဖြစ် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၁) နှင့် မဲအနည်းဆုံးရသူက ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။
