၃၁.၃.၂၀၂၆
Written by Thiri
နာရေး အိမ်က ဖဲဝိုင်းမှာ ဖဲကစားနေသူကို အသားထဲကလောက်ထွက်တဲ့ကောင်ဟု ဆိုကာ တစ်ရပ်ကွက်ထဲနေသူက ဓားနဲ့ထိုးခုတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်း ကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
အမှုဖြစ်စဥ်မှာ အမှတ် (၁၆) ရပ်ကွက်၊ လှိုင်သာယာအနောက်ပိုင်းရှိ ဒေါ်မြင့်ခိုင်ရဲ့ နေအိမ်မှာ နာရေးပြုလုပ်နေစဉ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းက မတ် ၂၇ ရက် သန်းခေါင်ကျော် အချိန် မတ် ၂၈ ရက်ကူးစ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်မှာ ဒေါ်မြင့်ခိုင်ရဲ့ နေအိမ်ရှေ့လမ်းပေါ် ၎င်းရဲ့ခင်ပွန်းဖြစ်သူ ဦးမောင်စိုးရဲ့ နာရေး (၄)ရက်မြောက်နေ့အဖြစ် အိမ်စောင့်ဖဲဝိုင်းပြုလုပ်ထားကြောင်း၊ တစ်ရပ်ကွက်တည်းနေ ဖြိုးကိုဇော်၊ ကျော်ဝင်းသူ၊ သန်းလင်းအောင်၊ ဒေါ်အပျိုကြီးနဲ့ အမည်မသိလူ (၂)ဦးတို့မှ ကစားနေကြကြောင်း၊ အဲဒီအချိန်မှာ တစ်ရပ်ကွက်တည်းနေ ထွန်းဝင်း ဆိုသူက ဓားရှည်(၁)ချောင်းကိုင်လျက် နာရေးအိမ်ကို ရောက်ရှိလာပြီး ဖဲဝိုင်းအတွင်းကစားနေတဲ့ ဖြိုးကိုဇော် ဆိုသူကို သူ့(ထွန်းဝင်း) အကြွေးရှင်တွေမသိအောင် ပုန်းရှောင်နေတာကို ပုန်းနေတဲ့ နေရာကို အကြွေးရှင်တွေကို ပြန် ပြောလို့ဟု ဆိုကာ “မင်းကအသားထဲက လောက်ထွက်တဲ့ကောင်”လို့ ပြောဆိုပြီး လက်ထဲမှာအသင့်ပါလာတဲ့ ဓားရှည်နဲ့ ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထွန်းဝင်းက ဖြိုးကိုဇော်ရဲ့ ဇက်ပိုးကို ဓားနဲ့ခုတ်လို့ ဖြိုးကိုဇော် ပက်လက်လန်လဲကျသွားချိန် ထပ်မံပြီး ဖြိုးကိုဇော်ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့ကို ဓားဦးချွန်နဲ့ (၄)ချက်ခန့် ဆင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထွန်းဝင်းမှဓားရှည်ဖြင့် ခုတ်ထိုးခဲ့မှုကြောင့် ဖြိုးကိုဇော်ရဲ့ ဇက်ပိုးမှာ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ရင်ဘတ်ဝဲ/ယာထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝမ်းဗိုက် ဝဲ/ယာ ထိုးသွင်းဒဏ်ရာ (၂)ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာတင်သေဆုံးသွားခဲ့တာကြောင့် အရေးယူပေးပါရန် သက်ဆိုင်ရာကို တိုင်တန်းခဲ့ရာ သောင်ကြီးနယ်မြေရဲစခန်းက (ပ)၂၄၆/၂၀၂၆ ပုဒ်မ ၃၀၂အရ ကနဦးအမှုရေးဖွင့်ခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူရဲ့ အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရာ မှုခင်းဆရာဝန်ကြီးက PR-02 နဲ့ လက်ခံစစ်ဆေးခဲ့ပြီး အမှုနဲ့ ပတ်သက်လို့ အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ထွန်းထွန်းဝင်း (ခ)ထွန်းဝင်း(ခ)ငထွန်း၊ (၄၆)နှစ်၊ ကျပန်း၊ မ(၂၅၆၄/က)၊ တကောင်းလမ်း၊ အမှတ်(၁၆)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်
ဖွဲ့မှူးတို့ရဲ့ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုနဲ့ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ကျော်စွာဝင်းဦးစီးအဖွဲ့ ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိဦးစီးအဖွဲ့တို့မှ ပူးပေါင်းပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အင်းစိန်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်တွေအတွင်းကို သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အမာခံသတင်းပေးတွေနဲ့ ချိတ်ဆက်ပြီးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို ပိတ်ဆို့ရှာဖွေ ပူးပေါင်းဖမ်းဆီးစဉ် မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်မှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၆)ရပ်ကွက်၊ ရွှေညောင်လမ်းရှိ(၂)ထပ်အဆောင်အပေါ် ထပ်ရှိ လတ်တလောလူနေထိုင်ခြင်းမရှိတဲ့ အခန်းတစ်ခန်းအတွင်း ဝင်ရောက်ပုန်းခိုနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း (ခ)ထွန်းဝင်း(ခ)ငထွန်းကို အဆိုပါနေအိမ်အခန်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ အခန်းအတွင်းမှ ၎င်းပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့တဲ့ ရှေ့နောက် စတစ်ကာပါ အနက်ရောင် ကျားဝတ် တီရှပ်(၁)ထည်၊ ဦးဂျမ်းတံဆိပ်စာသားပါ နီနက်ရောင် ကွက်စိတ်ပုဆိုး(၁)ထည်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး အခင်းဖြစ်ရပ် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံ ဓားနဲ့ပတ်သက်လို့ မေးမြန်းရာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးလာရာမှ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ သာစည်လမ်းဘေးရှိရေမြောင်းအတွင်း လွှတ်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဓားလွှင့်ပစ်ခဲ့တဲ့ နေရာကို ထွန်းထွန်းဝင်း(ခ) ထွန်းဝင်း(ခ) ငထွန်းက လိုက်လံပြသခဲ့လို့ သက်သေတွေနဲ့အတူ သွားရောက်ရှာဖွေရာ ရေမြောင်းအလယ်မှ အရိုး (၁၀) လက်မ၊ အသွား (၁၈) လက်မ၊ စုစုပေါင်း အရိုးအသွား (၂၈)လက်မခန့်ရှိ လက်ကိုင်ရိုးမှာ တိပ်အနက်ရောင်ပတ်ကာ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထိပ်ဦးချွန် ဓားရှည်(၁)ချောင်းကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာကြောင့် ထွန်းထွန်းဝင်း(ခ)ထွန်းဝင်း(ခ)ငထွန်းနဲ့ ပတ်သက်ပြီး ကျန်ရှိတဲ့ ရဲလုပ်ငန်းတွေဆောင်ရွက်ကာ အမှုတည်ဆောက် တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
