၃၁. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်တင်မြှောက်လိုက်ပြီး အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ဒေါ်နန်းနီနီအေးအား ယနေ့ ရွေးချယ်အတည်ပြုလိုက်သည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီအချိန် သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့နှစ်ဦးမှ တစ်ဦးကို ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၂၆၀ ရှိခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲပေးသူဦးရေ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ဆန္ဒမဲပေးသူဦးရေ ၁၀ မဲနှင့် ပယ်မဲ ၃ မဲရှိခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်သူ့လွှတ်တော်၏ ဒုတိယသမ္မတအဖြစ် အတည်ပြုရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ် (၁) )နှင့် ဒေါက်တာ မနာမ်တူးဂျာ (ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် အမှတ် (၂) တို့နှစ်ဦးတို့ကို ဆန္ဒမဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၅၅ ဦးရှိခဲ့ရာ ဒေါ်နန်းနီနီအေးက ဆန္ဒမဲ ၁၁၇ မဲနှင့် ဒေါက်တာမနာမ်တူးဂျာက ဆန္ဒမဲ ၃၈ မဲရရှိခဲ့သဖြင့် ဒေါ်နန်းနီနီအေးအား အမျိုးသားလွှတ်တော်၏ ဒုတိယသမ္မတအဖြစ် အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
