
သက်တံ့
၂၄. ၃. ၂၀၂၆
အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒြာ မိုဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် ယနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ပြီး လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းအခြေအနေများနှင့် ကမ္ဘာတစ်ဝန်းလုံး စက်သုံးဆီအကျပ်အတည်းကိုဖြစ်ပွားစေခဲ့သော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဆက်လက်ဖွင့်လှစ်ထားရှိရန် အရေးကြီးသည့်အချက်များအပေါ် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စကားပြောဆိုမှုအပြီးတွင် ဝန်ကြီးချုပ် မိုဒီက ၎င်းနှင့် သမ္မတ ထရမ့်ပ်တို့သည် အရှေ့အလယ်ပိုင်း အခြေအနေအပေါ် “အကျိုးရှိသော အမြင်ချင်းဖလှယ်မှုများ” ပြုလုပ်ခဲ့ကြောင်း လူမှုမီဒီယာပလက်ဖောင်း X တွင် ရေးသားခဲ့သည်။
မိုဒီက “အိန္ဒိယနိုင်ငံအနေနဲ့ တင်းမာမှုတွေ လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ဖို့ ထောက်ခံပါတယ်။ ဟော်မုဇ် ရေလက်ကြားကို လုံခြုံစိတ်ချရပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်အောင် ဖွင့်လှစ်ထားရှိဖို့က တစ်ကမ္ဘာလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြိုးပမ်းမှုတွေမှာ ဆက်သွယ်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ကြပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
အစောပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sergio Gor က အင်္ဂါနေ့(မတ် ၂၄ ရက်) တွင် ခေါင်းဆောင်နှစ်ဦး ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ ၎င်းတို့သည် “ဟော်မုဇ် ရေလက်ကြားကို ဖွင့်လှစ်ထားရှိရန် အရေးကြီးပုံ အပါအဝင် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် မိုဒီသည် မတ်လ ၂၁ ရက်နေ့ကလည်း အီရန်သမ္မတ Masoud Pezeshkian နှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် သီးခြားဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုတွင်လည်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် သင်္ဘောလိုင်းများ လုံခြုံစိတ်ချစွာ ဖွင့်လှစ်ထားရှိနိုင်ရေး အရေးကြီးပုံကို ထပ်လောင်း၍ အလေးအနက် ပြောကြားခဲ့သည်။
Ref : Xinhua
