
◾️အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လိုကြောင်း ပြောကြား
၂၃. ၃. ၂၀၂၆
Written by Nyein Kyaw
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာများသတ်မှတ် ကျင်းပပြုလုပ်သွားရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးတွင် ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို နိုင်ငံတိုင်းတွင် ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါ အခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
မကြာမီ ကာလအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပချိန်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော်ကို အကန့်အသတ်ဖြင့်သာ ကျင်းပရန် မေတ္တာရပ်ခံခဲ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက် သင်္ကြန်အဖြစ် နေရာများသတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အတူ အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာ သယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လိုကြောင်းလည်း ဖြည့်စွက်မှာကြားသည်။
စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်ခြင်းကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင်ရေးတာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
