◾️စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲခြင်းနှင့် ဘတ်စ်ကားများ ပုံမှန်အတိုင်းပြေးဆွဲရန်ပါ မှာကြား
◾️စက်သုံးဆီ မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်နှင့် မိမိတို့နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်
◾️မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရန်နှင့် စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ရန်ပါ မှာကြား

၂၄. ၃. ၂၀၂၆
Written by Nyein Kyaw
အရှေ့အလယ်ပိုင်းပဋိပက္ခသည် မည်မျှကြာမြင့်မည်ကို မသိရှိနိုင်ခြင်းကြောင့် ပြည်တွင်း စက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးတွင် မှာကြားသည်။
ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုနှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခသည် အချိန်ကာလအားဖြင့် မည်မျှကြာမြင့်မည်ကို မိမိတို့အနေဖြင့် မသိရှိနိုင်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားများ တိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေ ချောမွေ့စေရေး တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်သုံးဆီများကို အမှန်တကယ် အသုံးပြုသည့် ပြည်သူများ လက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီ များဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းအပြင် မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း။
ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့်မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲသည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ယာယီသမ္မတက မှာကြားခဲ့သည်။
