
၂၄.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကမ်းရိုးတန်းအနီးရှိ ရေနံချက်စက်ရုံတစ်ခုမှာ မတ်လ ၂၃ ရက်က ကြီးမားသောပေါက်ကွဲမှုတစ်ခုနဲ့အတူ မီးခိုးများလေထုထဲကို လွင့်စင်သွားခဲ့တာမှာ အနီးအနားမှာနေထိုင်ကြတဲ့ ဒေသခံတွေကို မိမိတို့ အိမ်နေရာတွေအတွင်းတွင်သာ ခိုလှုံနေစေခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
ဟူစတန်မြို့၏ အရှေ့ဘက် မိုင် ၉၀ (၁၄၅ ကီလိုမီတာ) အကွာရှိ ပို့တ်အာသာမြို့ရှိ Valero ကုမ္ပဏီရဲ့ ရေနံချက်စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့တော်ဝန် ရှားလော့ အမ် မိုးဆက်စ်က ထိခိုက် ဒဏ်ရာ ရရှိသူ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မြို့တော်ဝန်က မြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ဒေသခံတွေကို မိမိတို့ အိမ်နေရာတွင်သာ နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှု မရေမရာဖြစ်ကာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ အခုလိုပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Valero ကုမ္ပဏီ ဝက်ဘ်ဆိုက်အရ ထိုရေနံချက်စက်ရုံမှာ ဝန်ထမ်း ၇၇၀ ခန့်ရှိပြီး တစ်နေ့ကို ရေနံစည် ၄၃၅,၀၀၀ စည်ခန့် ချက်လုပ်နိုင်ပါတယ်။ စက်ရုံက ပြင်းထန်သော အချဉ်ဓာတ်ရှိသော ရေနံစိမ်းကို ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဂျက်လေယာဉ်လောင်စာအဖြစ် သန့်စင်ပေးနိုင်ပါတယ်။
အွန်လိုင်းမှာ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအရ ရေနံချက်စက်ရုံမှ မီးခိုးမီးတောက်တွေ ထွက်လာတာတွေ့ကြရပါတယ်။ ဒေသခံအချို့က ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားရပြီး သူတို့ရဲ့ အိမ်ပြတင်းပေါက်တွေ တုန်ခါနေတယ်လို့ ပြောခဲ့ကြပါတယ်။
Valero ကုမ္ပဏီဆီ AP သတင်းဌာနက ဖြစ်စဥ်ကိုမေးမြန်းဖို့ အီးမေးလ် သို့မဟုတ် ဖုန်းခေါ်ဆိုမှုအပေါ် တုံ့ပြန်ပြောဆိုမှု မရှိပါဘူး။
ရေနံချက်စက်ရုံပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Ref-AP
