



MT News
၂၄. ၃. ၂၀၂၆
ရန်ကုန်မြို့က YCC (Yangon Convention Centre) မှာ မတ် ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်တိုင်တိုင်ကျင်းပခဲ့တဲ့ တတိယအကြိမ် Yangon International Mobility Show ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲ ဆောန်နစ်ခ် သွားရောက်ခဲ့တယ်လို့ ဒီညဦးပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
“Ford ကုမ္ပဏီကို အားပေးကူညီဖို့နဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့စျေးကွက်ယှဉ်ပြိုင်မှု ရှိစေဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့အတွက် သံရုံးရဲ့အကြီးအကဲ ဆောန်နစ်ခ်ဟာ Yangon International Mobility Show ကို သွားရောက်ခဲ့ပါတယ်။ မြန်မာ့မော်တော်ယာဉ်စျေးကွက်အတွင်း ရွေးချယ်စရာတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပေးနေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့အတူ ရပ်တည်ရတဲ့အတွက် မိမိတို့ ဂုဏ်ယူမိပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Automotive Association of Myanmar – AAM က ကြီးမှူးကျင်းပပြီး ရန်ကုန်မြို့၊ YCC ခန်းမမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ Yangon International Mobility Show ကြီးမှာ International Brand တွေအစုံ ပြသခဲ့ပြီး ဒီပွဲရဲ့ Diamond Sponsor အနေနဲ့ FORD, GEELY, BYD, Hongqi တို့ပါဝင်ခဲ့ကြပြီး Gold Sponsor အနေနဲ့ Venucia, Jetour (GOLDAYA), Chery, BAIC, DFSK, Forthing, Zeekr တို့ ပါဝင်ခဲ့ကြပါတယ်။
