သက်တံ့
၂၄. ၃. ၂၀၂၆
သြစတြေးလျနှင့် ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် ကင်ဆာရောဂါလက္ခဏာပြသမှုဆိုင်ရာ ဇီဝအညွှန်းကိန်း (Biomarkers) အမြောက်အမြားကို တစ်ပြိုင်နက်တည်း ရှာဖွေနိုင်သည့် ဆံချည်မျှင်မျှသာရှိသော အာရုံခံကိရိယာ (Sensors) ကို တီထွင်လိုက်ပြီး ဤနည်းပညာသည် ကင်ဆာကဲ့သို့သော ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စောင့်ကြည့်ကုသခြင်းတို့တွင် တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်လာဖွယ်ရှိနေသည်။
အဆိုပါ အာရုံခံကိရိယာငယ်ကို ဆံချည်မျှင်မျှသာရှိသော အလင်းဖိုင်ဘာ (Optical Fiber) ထိပ်ဖျားလေးများပေါ်တွင် အလွန်မြန်နှုန်းမြင့်သည့် 3D Micro-printing နည်းပညာဖြင့် ချိတ်ဆက် ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ အပူချိန်ပြောင်းလဲမှုနှင့် ဓာတုဗေဒဆိုင်ရာ ပြောင်းလဲမှုများအပါအဝင် ဇီဝအမှတ်အသား အများအပြားကို တစ်ပြိုင်နက်တည်း တိုင်းတာနိုင်ကြောင်း Advanced Optical Materials ဂျာနယ်တွင် ဖော်ပြထားသည်။
သုတေသနအဖွဲ့ခေါင်းဆောင် တွဲဖက်ပါမောက္ခ ရှာဟရမ် အာဖ်ရှားက “ဒီအောင်မြင်မှုဟာ ရောဂါအခြေအနေကို ခြေရာခံဖို့၊ ကုသမှုလမ်းညွှန်ပေးဖို့နဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီ (Real-time) စောင့်ကြည့်ပေးနိုင်မယ့် နောက်မျိုးဆက်သစ် ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဖြစ်လာစေမှာပါ” ဟု ပြောကြားသည်။
အဆိုပါ အာရုံခံကိရိယာသည် ကင်ဆာကြောင့်ဖြစ်ပေါ်လာသည့် မော်လီကျူးအဆင့် (Molecular Level) ပြောင်းလဲမှုများကို အလင်းလှိုင်းများမှတစ်ဆင့် ရှာဖွေဖော်ထုတ်ပေးခြင်းဖြစ်သည်။ ဤနည်းလမ်းသည် လူနာကို ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်စေမည့် (Minimally Invasive) စစ်ဆေးမှုနည်းလမ်းဖြင့် တိကျသော ရောဂါရှာဖွေမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref : Xinhua
