သက်တံ့
၂၄. ၃. ၂၀၂၆
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သည် ညီညွတ်မှု၊ အပြန်အလှန် ယုံကြည်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး စိတ်ဓာတ်တို့အပေါ် အခြေခံပြီး အပြန်အလှန် အကျိုးရှိစေသည့် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု စံပြပုံစံတစ်ခုအဖြစ် ရပ်တည်နေကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆိုခွန်းက ယနေ့ မတ်လ ၂၄ ရက်တွင် ပြောကြားသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် အပါအဝင် စုစုပေါင်း ခြောက်နိုင်ငံ ပါဝင်သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ရက်သတ္တပတ်သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ဝန်ကြီး ပရတ်ဆိုခွန်းက ယခုနှစ်သည် အဖွဲ့ဝင် ၆ နိုင်ငံအကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘုံသာယာဝပြောရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်အဖြစ် ဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ၏ “ရွှေရောင်လွှမ်းသောဆယ်စုနှစ်” ပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
LMC စတင်တည်ထောင်ချိန်မှစ၍ ဆက်သွယ်ရေး၊ ထုတ်လုပ်မှုစွမ်းအား၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အပါအဝင် ကဏ္ဍအသီးသီးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အောင်မြင်မှုများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဒီအောင်မြင်မှုတွေက LMC ဟာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတစ်ခုထက် ပိုတယ်ဆိုတာကို သက်သေပြနေပါတယ်။ ဒါဟာ ယုံကြည်မှု၊ ညီညွတ်မှုနဲ့ ဘုံရည်မှန်းချက်တွေအပေါ် အခြေခံပြီး ရှင်သန်တိုးတက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုပါပဲ” ဟု ဝန်ကြီးက ပြောကြားသည်။
ထို့ပြင် LMC သည် လက်ရှိတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု စံပြပုံစံအဖြစ် ရပ်တည်နေသလို၊ တောင်ဘက်ခြမ်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု (South-South cooperation) ၏ ထင်ရှားသော နမူနာတစ်ခုလည်း ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပြီး ဘုံသာယာဝပြောသည့် အနာဂတ်ကို မည်သို့တည်ဆောက်နိုင်သည်ကို ပြသနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဆန်းယမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးသည် ရှင်းလင်းသော မဟာဗျူဟာလမ်းညွှန်ချက်များနှင့် အဆင့်မြင့်ကတိကဝတ်များကို လက်တွေ့လုပ်ဆောင်နိုင်သည့် အစီအစဉ်များအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည့် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
LMC အောင်မြင်ရခြင်း၏ အဓိကသော့ချက်တစ်ခုမှာ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ (LMC Special Fund) ဖြစ်ပြီး ယင်းရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်၊ ပညာရေး၊ မိုင်းအန္တရာယ် ကာကွယ်ရေးနှင့် ရှင်းလင်းရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးနှင့် လူငယ်ဖွံ့ဖြိုးရေး အပါအဝင် ကဏ္ဍစုံရှိ ပြည်သူဗဟိုပြု စီမံကိန်း ရာပေါင်းများစွာကို ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
Ref : Xinhua
