





၂၄.၃.၂၀၂၆
Written by Linn Eain
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ကို မတ် ၂၄ ရက် နေ့လယ်ပိုင်းက မြင်တွေ့ရသည်။
ထို့ပြင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်ကို မတ် ၁၁ ရက်က စတင် ဆောက်လုပ်ခဲ့ပြီး
လမ်းလျှောက်သင်္ကြန်ကို မတ် ၁၉ ရက်က စတင်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကလည်း ယခုချိန်တွင် အခြေအနေအချိန်အခါနှင့် ကိုက်ညီသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးစီစဉ်ဆောင်ရွက်နိုင်ပါကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၆)တွင် ပြောကြားထားသည်။
ယခင်နှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာ ဖြတ်သန်းခဲ့ကြရပြီး ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့် ရိုးရာသင်္ကြန် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်လည်း ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများကျင်းပရာတွင် ယိမ်းပြိုင်ပွဲများတွင် ၁၂ ဦး ယိမ်း (မူကြိုကျောင်းများ)၊ ၁၂ ဦးယိမ်း (ကျောင်းများ)၊ ၁၂ ဦးယိမ်း (ရုံး/အခြား ဌာနများ)၊ ၁၆ ဦးယိမ်း (ကျောင်းများ)၊ (၁၆) ဦးယိမ်း (ရုံး/အခြားဌာနများ)၊ ၂၀ ဦးယိမ်း (အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) (အလွတ်တန်း) နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယိမ်းပြိုင်ပွဲဝင်လိုသူ အသင်းများအနေဖြင့် မတ် ၃၁ ရက် နောက်ဆုံးထား၍ ဗိုလ်တထောင်မြို့နယ်၊ ၄၆ လမ်း၊ ၁၂ ထပ်ခွဲရုံး ဆယ်လွှာရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)တွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။
ထို့ပြင် အသေးစိတ်သိရှိလိုပါက အကဲဖြတ်လုပ်ငန်းကော်မတီ၏ ဖုန်း- ၀၉- ၅၃၂၁၆၇၅၊ ၀၉- ၅၅၀၁၀၄၉၊ ၀၉ – ၄၅၂၈၁၃၆၇၂၊ ၀၉- ၄၂၁၇၁၃၆၃၂ ၊ ၀၉- ၄၅၀၅၄၀၈၅၂ တို့ကို ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မတ် ၁၇ ရက်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကျရောက်မည်ဖြစ်သည်။
