သက်တံ့
၂၄. ၃. ၂၀၂၆
သုံးနှစ်ကြာပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ဆူဒန်စစ်တပ်က ကျူးလွန်တာလို့ အတိုက်အခံလက်နက်ကိုင် အရန်စစ်တပ်ဖြစ်တဲ့ RSF အဖွဲ့က စွပ်စွဲလိုက်ပါတယ်။
ဆူဒန်စစ်တပ်နဲ့ အရန်စစ်တပ်ဖြစ်တဲ့ Rapid Support Forces (RSF) တို့အကြား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကတည်းက စတင်ခဲ့တဲ့အာဏာလုစစ်ပွဲဟာ အခုထိ ဆက်ဖြစ်နေတာပါ။ လာမယ့်လမှာဆိုရင် ဒီစစ်ပွဲဟာ ၃ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီစစ်ပွဲကြောင့် အခုထိ လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို၊ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒါ့အပြင် သန်းပေါင်းများစွာသော လူတွေဟာလည်း အစာရေစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။
ဆူဒန်မှာ RSF အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ခဏခဏ တွေ့ရလေ့ရှိပြီး သူတို့ဟာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း လုပ်ဆောင်လေ့ရှိပါတယ်။ အခုတစ်ခါမှာတော့ ဆူဒန်မှာ တိုက်ခိုက်မှုတစ်ခု ထပ်ဖြစ်ပွားခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ တိုက်ခိုက်မှုကိုတော့ RSF က လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။
ဆူဒန်နိုင်ငံ အနောက်ပိုင်း ကော်ဒိုဖန် (Western Kordofan) ဒေသက လာဂါဝါ (Lagawa) မြို့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့လို့ လူတွေကြားထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ လူနေရပ်ကွက်တွေထဲကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း RSF အဖွဲ့က တနင်္လာနေ့ (မတ် ၂၃ ရက်) မှာ သတင်းထုတ်ပြန်ခဲ့သလို၊ မျက်မြင်သက်သေတစ်ဦးကလည်း ဖြစ်စဉ်ကို အတည်ပြုပေးခဲ့ပါတယ်။
လာဂါဝါမြို့က ဒီဒရုန်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇ ဦးအထိ သေဆုံးခဲ့ရပါတယ်။ အများစုကတော့ အခင်းဖြစ်ပွားရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်နိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အနီးအနားက ဆေးရုံတွေနဲ့ ဆေးကုသရေး စခန်းတွေကို ပို့ဆောင်ပြီး ကုသပေးနေပါတယ်။ ဒဏ်ရာရသူ တချို့ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်တပ်က လုပ်ဆောင်တာလို့ RSF အဖွဲ့က စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်ကို နိုင်ငံတကာကနေ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုထားပါတယ်။ လူနေရပ်ကွက်တွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကို အခုလို တိုက်ခိုက်တာဟာ မမှန်ကန်ကြောင်း RSF က ပြောပါတယ်။ အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း RSF က ဆိုပါတယ်။
ဒါပေမဲ့ RSF ရဲ့ ဒီလိုတုံ့ပြန်မှုဟာ စံနှုန်းနှစ်မျိုး (Double Standards) ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ RSF တိုက်ခိုက်ရေးသမားတွေ ကိုယ်တိုင်ကလည်း လူနေရပ်ကွက်တွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကို ခဏခဏ တိုက်ခိုက်လေ့ရှိလို့ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးနဲ့ ပတ်သက်ပြီး ဆူဒန်စစ်တပ်ဘက်ကတော့ အခုထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
Ref : Patrika
