သက်တံ့
၂၄. ၃. ၂၀၂၆
နာမည်ကြီး OnlyFans ဝက်ဘ်ဆိုက်ရဲ့ ပိုင်ရှင် လီယိုနစ် ရတ်ဒ်ဗင်စကီး (Leonid Radvinsky) ဟာ ကင်ဆာရောဂါကို အပြင်းအထန် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီးနောက် အသက် ၄၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကုမ္ပဏီဘက်က မတ်လ ၂၃ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
သူဟာ OnlyFans ရဲ့ မိခင်ကုမ္ပဏီကို ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
OnlyFans ရဲ့ ပြောရေးဆိုခွင့်ရှိသူက “လီယိုရတ်ဒ်ဗင်စကီး ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ ဝမ်းနည်းကြေကွဲရပါတယ်။ လီယိုဟာ ကင်ဆာရောဂါနဲ့ ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာပါ။ အခုလို ခက်ခဲတဲ့အချိန်မှာ သူ့ရဲ့မိသားစုက သီးသန့်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရတ်ဒ်ဗင်စကီးဟာ ၂၀၁၈ ခုနှစ်မှာ OnlyFans ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Fenix International Limited ကို ဝယ်ယူခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ အများစုရှယ်ယာရှင်အဖြစ် တာဝန်ယူခဲ့သူပါ။ ၂၀၂၅ ခုနှစ် မေလစာရင်းတွေအရ သူ့ရဲ့ ပိုင်ဆိုင်မှုချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။
သူ့ကို ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာ (Odesa) မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ သူဟာ Northwestern တက္ကသိုလ်မှာ စီးပွားရေးပညာရပ်ကို သင်ကြားခဲ့သူပါ။ Wall Street Journal ရဲ့ ဖော်ပြချက်အရ ရတ်ဒ်ဗင်စကီးဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အပြာကား (Pornography) ဝက်ဘ်ဆိုက်တွေကို စတင်လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။
The Guardian သတင်းစာရဲ့ အဆိုအရ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ သူဟာ OnlyFans ရဲ့ ရှယ်ယာ ၆၀% ကို ရောင်းချဖို့ ညှိနှိုင်းမှုတွေ လုပ်နေခဲ့ပါတယ်။ အဲဒီအရောင်းအဝယ်သာ အထမြောက်ခဲ့ရင် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၈ ဘီလျံလောက်အထိ ရှိလာမှာပါ။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ ရတ်ဒ်ဗင်စကီးဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ယုံကြည်အပ်နှံမှုအဖွဲ့ (Trust) တစ်ခုဆီကို ပြောင်းလဲလွှဲပြောင်းထားခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
OnlyFans ကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အပြာစာပေနဲ့ ရုပ်သံတွေအတွက် အခပေးကြည့်ရှုရတဲ့ စနစ် (Subscription) ကြောင့် လူသိအများဆုံး ဖြစ်ပါတယ်။ ဒီပလက်ဖောင်းဟာ အပြာရုပ်ရှင်သရုပ်ဆောင်တွေနဲ့ လိင်လုပ်သားတွေအတွက် သူတို့ရဲ့ အကြောင်းအရာ (Content) တွေကို တင်ဆက်ပြီး ငွေကြေးရှာဖွေခွင့် ပေးထားတာပါ။
ကုမ္ပဏီကတော့ ရရှိတဲ့ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဖြတ်တောက်ယူပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို ဖန်တီးသူ (Creators) တွေဆီ ပေးပါတယ်။ ဒီလို ခွဲဝေယူတဲ့စနစ်ကြောင့် ရတ်ဒ်ဗင်စကီးဟာ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာကို အမြတ်ဝေစု (Dividends) အဖြစ် ရရှိခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ OnlyFans ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး အသုံးပြုသူ တချို့အတွက် အွန်လိုင်းကနေ ဝင်ငွေရရှိတဲ့ အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီဘက်ကတော့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ဘေးကင်းလုံခြုံတဲ့ အွန်လိုင်းပတ်ဝန်းကျင်ကနေ တင်ဆက်ခွင့်ပေးခြင်းဖြင့် အမျိုးသမီးတွေနဲ့ Content Creator တွေကို အခွင့်အလမ်းတွေ ဖန်တီးပေးနေတာဖြစ်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။
Ref : The Thaiger
