၂၄.၃.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မတ်လ ၂၃ ရက် မှာ ကြေညာခဲ့ပြီး ယခုတစ်ကြိမ်မှာ အီရန်ကလည်း ပြဿနာကို စာရင်းရှင်းအေးငြိမ်းစေလိုပြီ ငြိမ်းချမ်းရေးကို လိုလားနေကြပြီလို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်နဲ့ ဆွေးနွေးမှုတွေ အီရန်ကပြုလုပ်နေတယ်ဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပြီး ထိုကဲ့သို့သော ပြောဆိုချက်တွေက အတုအယောင်သတင်းတွေသာဖြစ်ပြီး ငွေကြေးဆိုင်ရာ နဲ့ ရေနံဈေးကွက်တွေကို ဈေးကစားပြီး ကြိုးကိုင်ခြယ်လှယ်ဖို့ အသုံးပြုနေတာပဲလို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က ခုလိုဆွေးနွေးပွဲတွေ ပြုလုပ်နေတုန်း အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖို့ အစီအစဉ်တွေကို ငါးရက်ကြာ ရွှေ့ဆိုင်းမယ်လို့ ကြေညာပြီးနောက် ရေနံဈေးနှုန်းတွေ ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပါတယ်။
ထရမ့်ပ်က အီရန်နဲ့ ညှိနှိုင်းဆွေးနွေးနေပြီဆိုပေမယ့် အီရန်အစိုးရက မမှန်ကန်လို့ငြင်းဆိုရုံမက အီရန် ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ ဘာရိန်း၊ ဆော်ဒီအာရေဗျနဲ့ ကူဝိတ်အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေကို ညတွင်းချင်း ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်သလို အမေရိကန်တပ်ဖွဲ့တွေက အီရန် ပစ်မှတ်တွေကို ရန်လိုစွာ လေကြောင်း တိုက်ခိုက်နေဆဲပါလို့ အမေရိကန်စစ်တပ်၊ ဗဟိုစစ်တိုင်းဌာနချုပ်က ပြောကြားခဲ့ပါတယ်။
အီရန်စွမ်းအင်ဝန်ကြီး အဘတ်စ် အလီယာဘာဒီကလည်း အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေအပေါ် တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်မနေကြဖို့ပြောခဲ့ပြီး အီရန်အစိုးရအနေနဲ့ နိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဗဟိုချုပ်ကိုင်မှုအား လျှော့ချထားပြီး မည်သည့်စက်ရုံကိုမဆို ထိမှန်ပါက အမြန်ပြန်လည်တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အလီယာဘာဒီက “ပြည်သူတွေ လုံးဝစိုးရိမ်စရာမလိုပါဘူး။ ဓာတ်အားပေးစက်ရုံတစ်ခုခုကို ထိမှန်ရင် မြန်မြန်ပြန်လည်တည်ဆောက်ပြီး ခေတ်မီအောင် လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိပြီးသားပါ” လို့ အီရန်ရဲ့ IRIB ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြောကြားခဲ့ပါတယ်။
Ref- Al Jazeera
