◾️ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေဖြစ်လာ
၂၄.၃.၂၀၂၆
Written by Thiri
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း”ကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်ကနေ ရေပြင်ဧက ထပ်မံတိုးချဲ့ကာ “သမီးလှကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်” အဖြစ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်နေ့မှာ ပြင်ဆင်သတ်မှတ်ကြောင်း ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါ ပြင်ဆင်သတ်မှတ်ခြင်းကို အမိန့် ကြော်ငြာစာအမှတ် (၁၈/၂၀၂၆)အရ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်) မှ စတင်ကာ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

သမီးလှကျွန်းဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးမြို့နယ်ခွဲ သမိုင်းဝင်မော်တင်စွန်းဘုရားမှ ရေမိုင် ၆ မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) နဲ့ အက်ဒမန်ပင်လယ် (Andaman Sea) တို့ရဲ့ ရေကြောင်းတွေဆုံရာအနီး ငဝန်မြစ်(ပုသိမ်မြစ်ဝ)မှာ တည်ရှိကာ မြေမျက်နှာသွင် ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၈ ပေမှ ၁၁ ပေ အတွင်းမှာ တည်ရှိပါတယ်။
ရှေးယခင် ဗြိတိသျှအစိုးရလက်ထက်က ကျွန်းရဲ့ ပုံသဏ္ဌာန်နဲ့ သဲသောင်တွေရဲ့တောက်ပမှုကိုအစွဲပြုပြီး Diamond Island “စိန်ကျွန်း” ဟုလည်းကောင်း၊ ထို့နောက် ပင်လယ်လိပ်တွေကို စီမံချက်နဲ့ ထိန်းသိမ်းမွေးမြူခဲ့တာကြောင့်“လိပ်ကျွန်း” ဟုလည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ရှားပါးပင်လယ်လိပ်တွေနဲ့ ၎င်းတို့ ဥချသားပေါက်ရာ ဒေသတွေ၊ ကျွန်းပေါ်ရှိ ဂေဟစနစ်တွေကို ဥပဒေအရ အပြည့်အဝထိန်းသိမ်းကာကွယ်နိုင်ရန်အလို့ငှာ (၁၂-၁၀-၁၉၇၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၈၉) နဲ့ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၁၈ ခုနှစ် မတ်လမှာ ပြဋ္ဌာန်းထားတဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတွေ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားတဲ့ အခွင့်အာဏာတွေကို ကျင့်သုံးကာ အရင်”သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ၎င်းဒေသကမ်းရိုးတန်းနဲ့ အဏ္ဏဝါဂေဟစနစ်တွေ၊ သယံဇာတတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာစေရန်၊ အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေ တည်ထောင်မှုကို မြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး မူလတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာ ၂၁၇ ဒသမ ၆ ဧကအား ရေပြင် ၁၁၈၉၇ ဧကတိုးချဲ့ကာ စုစုပေါင်း ၁၂၁၁၄ ဒသမ ၆၀ ဧကဖြင့် “သမီးလှကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲပြီး ဧရိယာပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
သမီးလှကျွန်းဟာ ကြည်လင်တဲ့ ပင်လယ်ပြင်အတွင်း စိမ်းလန်းတဲ့ ကျွန်းနဲ့ ဖြူဖွေးသန့်ရှင်းတဲ့ သဲသောင်ပြင်တွေကြောင့် ထင်ရှားတဲ့အပြင် ကမ္ဘာ့ရှားပါး စာရင်းဝင်နဲ့ ကျန်ပင်လယ်လိပ်တွေ တစ်နှစ်ပတ်လုံးလာရောက်ဥချတဲ့ မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ်ထင်ရှားကြောင်း သိရပါတယ်။ သမီးလှကျွန်းပေါ်မှာ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုးအစားတွေ တွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟစနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခရာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိချောင်းနွယ်အပင်တွေပေါက်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးတွေဖြစ်တဲ့ ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီး လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ကဏန်းနှင့် ငါးမျိုးစိတ်တွေ ရှင်သန်ကျက်စားရာနေရာ ဖြစ်သလို ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဘွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး၊ စွန်၊ ဆက်ရက်၊ ပိန်ညှင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို တို့လို ကုန်းနေနဲ့ ငှက်မျိုးစိတ်တွေအတွက် နားခိုကျက်စားရာ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။
“သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်အဏ္ဏဝါအမျိုး သားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပြီး အဲဒီဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နဲ့ ဇီဝ မျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ ဖြစ်ကြောင်း၊ သန္တာကျောက်တန်းတွေ ရေရှည်တည်တံ့တိုးပွားစေကာ အဏ္ဏဝါမျိုးစိတ်တွေရဲ့ ရှင်သန်သားပေါက်ရာနေရာအဖြစ် ထိန်းသိမ်းနိုင်ပြီး ရေပေါ် ရေအောက် ဇီဝမျိုးစုံမျိုးကွဲတွေ တိုးပွားလာစေမည်ဖြစ်ကြောင်း၊ ပင်လယ်လိပ်မျိုးစိတ်တွေ သားပေါက်ရာနေရာတွေ ထိန်းသိမ်းနိုင်မှာ ဖြစ်သလို သမိုင်းဝင်မြတ်မော်တင်စွန်းဘုရားနဲ့ နီးကပ်စွာတည်ရှိတာကြောင့်လည်း ဘုရားဖူးလာ အများပြည်သူတွေ အပန်းဖြေလေ့လာနိုင်ပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေခြင်းနဲ့ အဏ္ဏဝါမျိုးစိတ်တွေ သုတေသနပြုလေ့လာနိုင်တဲ့ အခွင့်အလမ်းတွေတိုးတက်ရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
