၈.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းမှ နှစ် ၄၀ ကျော်ကြာသက်တမ်းရှိ မဟာဗောဓိပင် ညောင်ရွက်များ အစိမ်းရောင်မှ ရွှေအိုရောင်သို့ပြောင်းလဲမှုဖြစ်ပေါ် နေကြောင်း သိရသည်။
မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ အခြားညောင်ပင်များနှင့် သစ်ပင်များရှိသော်လည်း အဆိုပါမဟာဗောဓိပင်တစ်ပင်တည်းသာ အရောင်ပြောင်းလဲမှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး သစ်တောဌာနမှ သစ်တောပညာရှင်များ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာဗောဓိညောင်ပင်သည် သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာပြီး ၁၉၈၄ ခုနှစ် မေ ၁၄ ရက်၊ ကဆုန်လပြည့်နေ့တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်၍ သက်တမ်းအားဖြင့် ၄၂ နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း အဆိုပါညောင်ပင်အနီး စိုက်ထူထားသည့် ကျောက်စာတိုင်မှတ်တမ်းအရ သိရသည်။
“ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်)က ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ဒီညောင်ပင်မှာ ကျင်းပခဲ့ပါတယ်။ အဲဒါပြီးတော့ လွန်ခဲ့တဲ့ ၅ ရက်လောက်စပြီးတော့ ညောင်ပင်ရဲ့အရွက်တွေက အရောင်ပြောင်းလာတာ။ လူကြီးတွေလည်း လာကြည့်တာပေါ့။ လုံခြုံရေးအစောင့်တွေလည်း ထားရှိထားပါတယ်။ အရင်ကတော့ ဒီလိုအရောင်ပြောင်းတာ မရှိခဲ့ဘူး” ဟု မဟာဝိဇယစေတီတော်ဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် သစ်တောဌာနမှ သစ်တောပညာရှင်များလည်း လာရောက်လေ့လာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မဟာဗောဓိညောင်ပင်၏ အပင်ခြေရင်းတွင် လိုအပ်သည့်ရေပမာဏများပြားနိုင်သဖြင့် အရွက်ခြောက်များကိုဖယ်ရှား၍ သဲများ၊ ဖွဲနုများ ဖြန်းပက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
သစ်တောပညာရှင်တစ်ဦးက “အပင်တစ်ပင်ရဲ့ အမြစ်ကနေ အစာတင်မဟုတ်ဘဲ အောက်စီဂျင်စုပ်ယူပြီး အပေါ်က အရွက်တွေဆီကို ပို့ရတာဖြစ်ပါတယ်။ ကဆုန်လပြည့်နေက ညောင်ရေသွန်းလောင်ပူဇော်တာမှာ ညောင်ပင်အမြစ်မှာ ရေပမာဏများများ ရှိသွားခဲ့ဟန်ပုံပေါ်ပါတယ်။ အဲဒီတော့ ညောင်ပင်အမြစ်က ရေတွေကြားထဲကနေ မြေထုကြားမှာရှိတဲ့ အောက်စီဂျင်ကောင်းစွာမရရှိတော့ဘဲ အပေါ်မှာရှိတဲ့ အရွက်တွေစီ မပို့နိုင်တော့လို့ ဒီလိုဖြစ်စဉ်ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဗောဓိညောင်ပင်သည် မေ ၅ ရက်၊ နံနက်ပိုင်းကစတင်၍ ညောင်ရွက်များသည် အစိမ်းရောင်အဆင့်မှ ရွှေအိုရောင်အဆင့်သို့ ထူးထူးခြားခြား ပြောင်းလဲလာသည်ကို တွေ့ရှိရပြီး အများပြည်သူများမှလည်း ထူးဆန်းအံ့ဩဖွယ် ဖြစ်ရပ်အား လာရောက်ကြည့်ရှုသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဗောဓိညောင်ပင်၏ ထူးခြားဖြစ်စဉ်အား သိရှိနိုင်ရန် တာဝန်ရှိသူများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။









