

သက်တံ့
၈. ၅. ၂၀၂၆
တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်ကြသော ဝေဖုန်းဟယ် (Wei Fenghe) နှင့် လီရှန်ဖူ (Li Shangfu) တို့ကို အဂတိလိုက်စားမှုစွဲချက်များဖြင့် နှစ်နစ်ဆိုင်းငံ့ သေဒဏ် ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့တွင် စစ်ခုံရုံးတစ်ခုက ၎င်းတို့နှစ်ဦးအား နှစ်နစ်ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ သတ်မှတ်ထားသော နှစ်နစ်ကာလအတွင်းပြစ်မှုထပ်မံကျူးလွန်ခြင်းမရှိပါက သေဒဏ်မှ တစ်သက်တစ်ကျွန်းထောင်ဒဏ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သော်လည်း လျှော့ရက်ခံစားခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် လုံးဝရရှိမည်မဟုတ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
၎င်းတို့နှစ်ဦးစလုံးသည် လာဘ်ပေးလာဘ်ယူမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရကာ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံခဲ့ရသည်။
ယခုကြေညာချက်သည် တရုတ်စစ်ဘက်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအရှိန်မြှင့်နေစဉ်အတွင်း ထိပ်တန်းစစ်ဘက်အရာရှိကြီးအများအပြား ရာထူးမှဖယ်ရှားခံရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝေဖုန်းဟယ်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လီရှန်ဖူကမူ ၂၀၂၃ ခုနှစ် မတ်လတွင် ဝေဖုန်းဟယ်၏နေရာ၌ အစားထိုးခန့်အပ်ခြင်းခံရသော်လည်း ၎င်း၏သက်တမ်းမှာ အလွန်တိုတောင်းခဲ့သည်။ လီသည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် လူမြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် နှစ်လအကြာ (အောက်တိုဘာလ) တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
လီရှန်ဖူသည် လာဘ်ငွေအမြောက်အမြား လက်ခံခဲ့သလို အခြားသူများကိုလည်း လာဘ်ပေးခဲ့ကြောင်း၊ ၎င်းသည် “နိုင်ငံရေးတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခဲ့ဘဲ” ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ အလားတူ ဝေဖုန်းဟယ်သည်လည်း လာဘ်ငွေနှင့် တန်ဖိုးကြီးပစ္စည်းများ လက်ခံခဲ့ကာ ရာထူးနေရာချထားမှုများတွင် မလျော်သြဇာသုံး၍ အခြားသူများကို ကူညီခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က စစ်တပ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ တရုတ်စစ်တပ်သည် “အဂတိတိုက်ဖျက်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးစိတ်ဓာတ်ဖြင့် သန့်စင်မှုကို ခံယူနေရသည်” ဟု ရှီက ပြောကြားခဲ့သည်။
သမ္မတရှီ အာဏာရလာပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှိုင်းများကို အဆက်မပြတ် ဖော်ဆောင်ခဲ့သော်လည်း ဝေဖန်သူများကမူ ယင်းသည် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားသည့် လက်နက်တစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
Ref: BBC
