၂၄.၃.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် မတ် ၂၄ ရက်၊ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ပြီး လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဖွဲ့စည်းရန်အတွက် အမည်စာရင်းများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အမည်စာရင်း တင်ပြမှုအရ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း(တပ်ကုန်းမဲဆန္ဒနယ်)၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦးတို့ဖြင့် ဖွဲ့စည်းရန် ဖြစ်ကြောင်း သိရသည်။
ဦးစွာ ပြည်သူ့လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က)၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရန် လျာထားကိုယ်စားလှယ်များကို မတ် ၂၃ ရက်က ကြေညာခဲ့ပြီး ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ကြေညာခဲ့သည်။
ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ယင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက “အခုဆက်လက်ပြီး လွှတ်တော်အခွင့်အရေးကော်မတီဖွဲ့စည်းရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ရာထူးအလျောက် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် “ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ လွှတ်တော်အခွင့်အရေးကော်မတီသည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းရန်လျာထားသည့် ကိုယ်စားလှယ်များမှာ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း၊ တောင်ငူမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဦး၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၊ မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး(ခေါ်)ဦးအောင်ဇော်မိုးထွန်း၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဒေါ်သိင်္ဂီမြင့်ရည်၊ ဖျာပုံမဲဆန္ဒနယ်မှ ဒေါ်စိုးစိုးရီ၊ မင်းတုန်းမဲဆန္ဒနယ်မှ ဦးစိုးနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောဝင်းထွန်း၊ ဝါးခယ်မမဲဆန္ဒနယ်မှ ဦးသန်းနိုင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ ခန္တီးမဲဆန္ဒနယ်မှ ဦးဂုဏ်ဝမ်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူ၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်း၊ ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးတို့ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း၊ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီပင်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းရန်လျာထားသည့် ကိုယ်စားလှယ်များမှာ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၊ ပဲခူးမဲဆန္ဒနယ်မှ ဦးမင်းခန့်ကျော်၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးခင်မောင်ထွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးအောင်လင်းလှိုင်၊ ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်း၊ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၊ တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၊ တောင်ငူမဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းဌေး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စိုး၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင်နှင့် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းတို့ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အစည်းတက်ရောက်ခွင့်ရှိသူ ၃၇၃ ဦးရှိသည့်အနက် အစည်းအဝေးသို့ ၃၇၁ ဦး တက်ရောက်ခဲ့ပြီး နှစ်ဦး ခွင့်ပန်ကြားခဲ့ကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မတ် ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။




