သက်တံ့
၂၄. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မဏိပူရရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်နယ်အတွင်း ခရိုင်အသီးသီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကသည်းသူပုန် PREPAK (RA) အဖွဲ့ဝင် ၁၀ ဦးအပါအဝင် လက်နက်ကိုင်စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့ (မတ် ၂၄ ရက်) မှာ ပြောကြားလိုက်ပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရပြည်နယ် တန်နောင်ပါလ်ခရိုင်အတွင်း သူပုန်နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ကသည်းသူပုန်အဖွဲ့ဝင် ၁၀ ဦးထဲမှာ ၅ ဦးက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်နေပါတယ်။ အဲဒီကလေး ၅ ဦးကိုတော့ လူငယ်တရားစီရင်ရေးအက်ဥပဒေ (Juvenile Justice Act) ပါ လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်နေတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လက်ရှိ မဏိပူရအကျပ်အတည်းကြောင့် သူပုန်ထမှုတွေ ပိုများလာနိုင်ခြေရှိပေမယ့် သူပုန်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ငွေညှစ်တာမျိုးတွေကို နှိမ်နင်းဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ စိတ်မကောင်းစရာကတော့ အခုလို ပဋိပက္ခတွေကြောင့် တောင်ကုန်းဒေသရော၊ မြေပြန့်ဒေသမှာပါ ရှိနေတဲ့ တားမြစ်ပိတ်ပင်ခံ လက်နက်ကိုင်အဖွဲ့တွေထဲကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အများအပြား စုဆောင်းခံနေရတာပါပဲ။”လို့ ရဲအရာရှိကြီးတစ်ဦးက HT သတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခြား တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကသည်းသူပုန် Kangleipak Communist Party (KCP) လက်နက်ကိုင်အဖွဲ့ရဲ့ ဂိုဏ်းခွဲတွေဖြစ်တဲ့ Nongdrenkhomba နဲ့ Apunba အဖွဲ့ဝင် ၂ ဦးကိုလည်း အင်ဖာအရှေ့ပိုင်းခရိုင် (Imphal East) မှာ တနင်္လာနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပေမဲ့ ကျန်လေးဦးကတော့ စစ်ဆေးဆဲပါ။
အင်ဖာမြို့ကလာတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ် မိုရေး (Moreh) ရဲစခန်းနယ်မြေအတွင်းက နယ်စပ်မှတ်တိုင် ၇၇ နဲ့ ၈၂ ကြား နေရာမှာ PREPAK -RA (People’s Revolutionary Party of Kangleipak – Red Army) အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့တာပါ။
မဏိပူရ်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လူမျိုးစုပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလကစတင်ခဲ့တဲ့ ကသည်း (Meitei) နဲ့ ကူကီး-ဇိုး (Kuki-Zo) အုပ်စုတွေကြားက လူမျိုးစုပဋိပက္ခကြောင့် လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ ချူရာချန်ပူရ်မြို့မှာ တနင်္ဂနွေနေ့ညက Kuki-Zo Council ဥက္ကဋ္ဌ H Thanglet ရဲ့ နေအိမ်ကို လူအုပ်စုတစ်စုက အတင်းအဓမ္မဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်နက်ကိုင်ဆောင်ထားသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ဖောက်ပြီး သေနတ်ပစ်ဖောက်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ အဆိုပါဥက္ကဋ္ဌရဲ့ အိမ်မှာ လက်နက်ကိုင်တွေရှိနေတယ်ဆိုတဲ့ သတင်းကြောင့် လူငယ်တွေက ကန့်ကွက်ဆန္ဒပြရာကနေ စတင်ခဲ့တာပါ။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ နေအိမ်ကို ခဲတွေနဲ့ပစ်ပေါက်တာ၊ အတင်းဝင်ဖို့ ကြိုးစားတာတွေရှိခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
Ref : HT
